၂၃.၉.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းသက်ဆင် အကျဉ်းထောင်ကလွတ်လာရင် အစိုးရအဖွဲ့မှာ ပြန်လည်ပါလာနိုင်မယ်ထင်မိတယ်လို့ လက်ရှိဝန်ကြီးချုပ် ဆရက်သာက စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပြီးနောက်မှာတော့ စက်တင်ဘာ ၂၂ ရက်မှာလည်း သက်ဆင်အနေနဲ့ ထိုင်းအစိုးရအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်လာနိုင်တယ်လို့ ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက ပြောခဲ့တယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာပါတယ်။
ဒီသတင်းတွေနောက်မှာတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးသမားတွေအကြား သက်ဆင်ဟာ တကယ်လို့များ အစိုးရအဖွဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်လာရင်ဆိုတဲ့အပေါ် ထင်မြင်ချက်၊ ဝေဖန်ချက်တွေထွက်ပေါ်လာပြန်ပါတယ်။
Bloomberg ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းစဉ်ကတော့ ဝန်ကြီးချုပ်ဆရက်သာက သက်ဆင်အနေနဲ့ ထောင်ကလွတ်လာရင် အစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်ထားလိုတယ်ဆိုတာ အရိပ်အယောင်ပြောခဲ့တာပါ။ ဆရက်သာက သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖူးသူတွေထဲမှာ ဉာဏ်အမြော်အမြင်အရှိဆုံးနဲ့ လူကြိုက်အများဆုံးလို့လည်းချီး ကျူးခဲ့ပါတယ်။
ဒုတိယဝန်ကြီးချုပ်နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာရာချိုင်းကလည်း သက်ဆင်အနေနဲ့ ဝန်ကြီးချုပ်အဖြစ်အစိုးရအဖွဲ့ကို ခြောက်နှစ်ကြာဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ ဒါကြောင့် သူနဲ့လက်တွဲ အလုပ်လုပ်ရင်းသူ့ဆီက အကြံဉာဏ်တွေရယူမယ်ဆိုရင် ကောင်းတဲ့အလုပ်ပဲလို့ ယူဆပါတယ်လို့ ပြောခဲ့ပါတယ်။
စက်တင်ဘာလ ၂၂ ရက်မှာတော့ အထက်လွှတ်တော်အမတ် ဆွမ်ချိုင်းဆာဝန်ကန်က သက်ဆင်အနေနဲ့ အတိတ်ကကောင်းတာတွေလုပ်ခဲ့တာရှိမှာဖြစ်ပေမယ့် သူဟာ ပြစ်မှုသုံးခုနဲ့တရားစွဲခံရကာ ထောင်ရှစ်နှစ်ကျခဲ့ပြီး နောက်ပိုင်း ဘုရင်မင်းမြတ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေးခံခဲ့ရသူဖြစ်တယ်လို့ ပါလီမန်မှာပြောကြားကာ ဆရက်သာရဲ့ ပြောကြားချက်ကို တုံ့ပြန်ခဲ့ပါတယ်။
ဆွမ်ချိုင်းက နိုင်ငံအတွင်း ညီညွတ်သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းထားနိုင်ဖို့ ဝန်ကြီးချုပ်အနေနဲ့ သက်ဆင်ကို အစိုးရ အဖွဲ့ အကြံပေးပုဂ္ဂိုလ်ခန့်မယ်ဆိုရင် သူ့ရဲ့ပြစ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောခဲ့ပြန်ပါတယ်။ သူက ထောင်ဒဏ်ကျခံရပြီးနောက် ရဲတပ်ဖွဲ့ဆေးရုံမှာ တစ်လကျော် တက်ရောက်ကုသခံနေရတဲ့ သက်ဆင်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း မေးခွန်းထုတ်နေကြတယ်လို့ ဆိုခဲ့ပါတယ်။
စက်တင်ဘာလ ၂၅ ရက်မှာတော့ အထက်လွှတ်တော်၊ နိုင်ငံရေးဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ပြည်သူလူထုပါဝင်ဆောင်ရွက်မှုကော်မတီက တရားရေးဝန်ကြီး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို သက်ဆင်အား ဆေးကုသပေးမှုနဲ့ပတ်သက်လို့ သတင်းအချက်အလက်များရရှိဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဆွမ်ချိုင်းက သက်ဆင်အနေနဲ့ ပြစ်ဒဏ်တစ်နှစ်ကို ကျခံခြင်းဖြင့် သူ့ကိုအချိန်မစေ့မီပြန်လွှတ်ပေးလိုက်လို့ ဖြစ်လာနိုင်တဲ့ လူထုကြားမငြိမ်သက်မှုတွေကို တားဆီးနိုင်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ သူက “ကျွန်တော့်သဘောကတော့ သက်ဆင်ကို အကြံပေးပုဂ္ဂိုလ်ခန့်ဖို့ဆိုတာ တရားရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ယုံကြည်မှုနဲ့ သစ္စာရှိမှုကို ပျက်ပြားစေနိုင်လို့ ဝန်ကြီးချုပ်အတွက် စောလွန်းရာကျနေမယ်လို့ ထင်မိတယ်” လို့ ဆက်လက်ပြောခဲ့ပါတယ်။
Thai Pakdee ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဝါရွန် ဒက်ရှ်ဂစ်ဗီဂရွမ်ကလည်း သက်ဆင်ကို အစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ခန့်မယ်ဆိုရင် အစိုးရအနေနဲ့ အဂတိမှုနဲ့ တရားစွဲခံရသူတစ်ဦးထက်ပိုလို့ ကောင်းမွန်သင့်တော်သူကို မရှာနိုင်တော့ဘူးလားလို့ ပြောစရာဖြစ်ကာ အစိုးရပုံရိပ်ကိုထိခိုက်စေနိုင်တယ်လို့ ပြောခဲ့ပြန်ပါတယ်။
အထက်လွှတ်တော်ဥက္ကဋ္ဌ ပွန်ပက်ရှ် ဝီချစ်ချိုလ်ချိုင်းက ဝန်ကြီးချုပ်အနေနဲ့ သက်ဆင်ရဲ့အတွေ့အကြုံက နိုင်ငံအတွက် ကောင်းကျိုးဖြစ်စေမယ်လို့ ယုံကြည်တာကြောင့် ထိုအကြံဉာဏ်ကို အဆိုပြုထားတယ်ဆိုတာလည်း ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း ထိုင်းဝန်ကြီးချုပ်တွေအကြား လူသိအများဆုံးလို့လည်းဆိုရမယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အစိုးရ အဖွဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်ထားမယ်ဆိုတာက သဘောချင်းမတိုက်ဆိုင်မှုတွေအကြား အကြိတ်အနယ်ညှိနှိုင်းကြရမယ့်ကိစ္စလို့ သုံးသပ်မိပါတယ်။
Ref—-Bangkok Post