၂၃.၉.၂၀၂၃
Written by Peya
မိုခါကြောင့် ထိခိုက်သွားသည့် စစ်တွေမြို့အဝင်မုခ်ဦးကို ရခိုင်အငွေ့အသက်များဖြင့် ပြန်လည်တည်ဆောက်ရန်အတွက် ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူထားကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါပြိုင်ပွဲအတွက် ဒီဇိုင်းကို ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ခေါ်ယူထားခြင်းဖြစ်ကာ ပြိုင်ပွဲဝင်သူများက ကိုယ်တိုင်ရေးဆွဲထားသည့် ဒီဇိုင်းပုံစံကို စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၁၀ ရက်အတွင်း တင်သွင်းရမည် ဖြစ်ကြောင်း ကြေညာ အသိပေးခေါ်ယူထားသည်။
“မိုခါမုန်တိုင်းကြောင့် ပျက်သွားတယ်လေ။ မြန်မာမှုလက်ရာမှာ ရခိုင်အငွေ့အသက်တွေပါတဲ့ ဒီဇိုင်းကိုလိုချင်လို့ လျှောက် လွှာခေါပြီး ပြိုင်ပွဲပုံစံမျိုးလုပ်မှာပါ။ ဆုကတော့ပေးမယ် ပထမ၊ ဒုတိယ၊ တတိယပေါ့။ ဆုကြေးဘယ်လောက်ပေးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဆောက်မယ့်ဟာကို အစိုးရအဖွဲ့ ရံပုံငွေကနေ ကျခံပြီးသုံးစွဲမယ် ထင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါမုခ်ဦးအတွက် ဒီဇိုင်းကို ကြိုက်ပြီဆိုပါက တွက်ချက်မှုများ ပြုလုပ်ကာ တည်ဆောက်မည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“စည်းကမ်းချက်မှာတော့ ပြည်နယ်ဂုဏ်ဆောင်နိုင်မယ့် ပုံစံ၊ ကုန်တင်ကားကြီးတွေ လွတ်မယ့် အမြင့်ပေ၊ သဘာဝဘေးတွေခံနိုင်တဲ့ ပုံစံ ဒီဇိုင်းဖြစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။