၂၃.၉.၂၀၂၃
Written by Hey Mar
တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အင်းလေးဖောင်တော်ဦး ဘုရားပွဲအပြီးနဲ့ တစ်စပ်တစ်ဆက်တည်း ကျင်းပသွားမှာမို့ ပွဲတော်နောက်ဆုံးကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလောက် မစည်ကားရင်တောင် ဒေသရဲ့အထိမ်းအမှတ်ပွဲတော်တစ်ခုကို ပြန်လည်အစပျိုးနိုင်ပြီလို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက MT News ကို ပြောပါတယ်။
ပွဲတော်ကျင်းပပြုလုပ်မယ့် ၇ ရက်အတွင်း နေ့လွှတ်မီးပုံး၊ ညလွှတ်မီးပုံတွေ ပါဝင်မှာဖြစ်ပြီး ဆုရွေးချယ်ရေးကော်မတီကလည်း ဒုံး၊ စိန်နားပန်၊ အရုပ်စုံ စတာတွေကို အများပြည်သူအကြိုက် Voting စနစ်နဲ့ ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီနှစ်မှာ ပွဲတော်ဖြစ်မြောက်ဖို့အတွက်ကိုပဲ စသတ်မှတ်တယ်။ ညှိနှိုင်းတယ်။ ကျန်တာတွေကတော့ နီးလာတာနဲ့အမျှ ထွက်လာမှာပါ။ ဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေနဲ့ မီးပုံးပျံအလုံးပေါင်းကတော့ ခါတိုင်းစည်ကားခဲ့တဲ့ နှစ်တွေရဲ့ သုံးပုံ ပုံရင် နှစ်ပုံလောက်တော့ စည်ကားမယ်။ ၁၀၀ ရာခိုင်နှုန်းတော့ ပြန်လည်စည်ကားဖို့ မဖြစ်နိုင်ဘူး။ ပွဲတော်ကို မလုပ်ဖို့တားတာတွေလည်းရှိပေမယ့် ပွဲတော်ကိုမှီတည်ပြီး အလုပ်အကိုင်အခွင့်လမ်းရှာဖွေကြရတဲ့ ဒေသခံတွေနဲ့ အများပြည်သူရဲ့ ဆန္ဒကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပြီး ပြန်လည်လုပ်ဆောင်တာပါ”လို့ ရှမ်းပြည်နယ်တောင်ပိုင်းမီးပုံပျံ ပညာရှင်များအသင်းတာဝန်ရှိသူက ဆိုပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံခြားသားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ပွဲတော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ပွဲတော်ကိုမှီတည်ပြီး ၁၂ ပွဲဈေးသည်တွေ၊ ဒေသခံတွေရဲ့ အစားအသောက်နဲ့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေပါ ဝင်ငွေ အခွင့် အလမ်းတွေ အများအပြားရရှိကြပြီး ဒေသရဲ့ပွဲတော်ကြီးမို့ ဌာနေတိုင်းရင်းသားတွေကလည်း စိတ်အားထက်သန်နေကြတယ်လို့ သိရပါတယ်။
ပွဲတော်ပြုလုပ်ရာမှာအခက်အခဲတွေလည်း များစွာရှိပြီး အဓိကအခက်အခဲကတော့ ကုန်ဈေးနှုန်းတွေကြီးမြင့်တာလို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူက ဆိုပါတယ်။
“ကုန်ဈေးနှုန်းကြောင့် ထင်သလောက်ရှေ့မရောက်ပေမယ့် ဒါကလည်း အကုန်လုံးကြုံတွေ့နေရတာပါပဲ။ အဓိက,ကတော့ ဒါဟာ ကျွန်တော်တို့ရဲ့ ပွဲတော်ဖြစ်တယ်။ ပွဲတော်ကို မှီတည်ပြီးမှ လုပ်ကိုင်စားသောက်ရတဲ့ ကျွန်တော်တို့ ဒေသခံတွေရဲ့ အဆင်ပြေချောမွေ့ရေးကိုလည်း အဓိက ထားတယ်ပေါ့” လို့ သူက ဆက်ပြောပါတယ်။