၂၃. ၉. ၂၀၂၃
Written by KKL
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် MITT လမ်းဆုံတွင် စက်တင်ဘာ ၂၂ရက် ညပိုင်းက ဆီဘောက်ဆာနှစ်စီး တိုက်မိပြီး လူတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ သန်လျင်မြို့နယ် MITT လမ်းဆုံတွင် စက်တင်ဘာ ၂၂ ရက် ည ၇ နာရီ ၂၈ မိနစ်က ဂါလံ ၃၆၀၀ ဆံ့ ဆီဘောက်ဆာယာဥ်နှင့် ဂါလံ ၇၇၀၀ ဆံ့ ဆီဘောက်ဆာယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ကားအတွင်း ယာဥ်မောင်းအမျိုးသားတစ်ဦးညပ်ကာ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါယာဥ်တိုက်မှုကို သန်လျင်မြို့နယ်မီးသတ်စခန်း၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းနှင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်၊ အထောက်အကူပြုယာဥ်၊ ရှာဖွေကယ်ဆယ်ရေးယာဥ်တို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွှေရောင်တွဲလက် လူမှုကူညီရေးအသင်းတို့က ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြသည်။
“၃၆၀၀ ဂါလံဆံ့ ဆီဘောက်ဆာယာဥ်က ယာဥ်မောင်းညပ်နေလို့ ကယ်ထုတ်ပြီး သန်လျင်ဆေးရုံကို ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်နဲ့ပို့လိုက်တာ ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို ထပ်လွှဲလို့ ညတွင်းချင်း လွှဲပြောင်းပေးလိုက်ပါတယ်” ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
အချို့သော ဆီဘောက်ဆာယာဥ်မောင်းများသည် ဆီအပြည့်ဖြင့် တင်ဆောင်လာပြီး အရှိန်လျှော့ခြင်းမရှိဘဲ တစ်စီးနှင့်တစ်စီး အပြိုင်မောင်းနှင်မှုများကြောင့် မလိုလားအပ်သော ယာဥ်မတော်တဆမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သန်လျင်မြို့နယ်နေထိုင်သူ ဆီဘောက်ဆာ ယာဥ်မောင်းတစ်ဦးက ပြောသည်။