◾ ပြည်ပနေနိုင်ငံသားများ၏ လစာအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမှု ပယ်ဖျက်လိုက်ပြီး ပြည်ပရောက်လုပ်သားများ နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်
၂၃. ၉. ၂၀၂၃
Written by Tha Doe
ပြည်ပနေနိုင်ငံသားများ၏ လစာအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုထားမှုကို SAC အစိုးရက ပြန်လည် ပယ်ဖျက်လိုက်ပြီး ပြည်ပရောက်မြန်မာလုပ်သားများ နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဟု ယနေ့တွင် ပြင်ဆင်သတ်မှတ်လိုက်သည်။
စက်တင်ဘာ ၁၂ ရက် ရက်စွဲဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး ယနေ့ထုတ်ပြန်လိုက်သည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဖြင့် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ပုဒ်မ ၂၂ ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုပြင်ဆင်ချက် ပုဒ်မ၂၂၊ (က) ကို” ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ရရှိသည့်နိုင်ငံခြားငွေအမျိုးအစားဖြင့် တစ်ဆယ်ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်” ဟု ပြင်ဆင်ခဲ့သည်။
ထို့အတူ ပုဒ်မ (ခ) ထပ်မံဖြည့်စွက်ခဲ့ပြီး “ဝင်ငွေခွန်နည်းဥပဒေများတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ ပြည်ပနေ နိုင်ငံသား ၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းလစာဝင်ငွေအပေါ်အောက်ပါနည်းလမ်း၂ ရပ်အနက် နည်းရာကျသင့်အခွန်ကို ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်- (၁) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ဤဥပဒေ၏ ပုဒ်မ ၁၉ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းထားဖြင့် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ တွက်ချက်၍ စည်းကြပ်ခြင်း၊ (၂) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်၍ စည်းကြပ်ခြင်း” ဟူ၍ ဖြည့်စွက်ခဲ့သလို ပုဒ်မခွဲ (ဂ) ကိုလည်းထပ်မံဖြည့်စွက်လိုက်ပြီး “ဤပုဒ်မအရ တွက်ချက်ရရှိသည့်အခွန်မှ တွက်ချက်သည့် ဝင်ငွေအမျိုးအစားအလိုက် ပြည်ပတွင်ပေးဆောင်ခဲ့ရသည့်အခွန်ကို ခုနှိမ်ပေးရမည်”ဟု ပြင်ဆင်ခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၄)ကို ပယ်ဖျက်လိုက်ပြီး ပယ်ဖျက်လိုက်သည့် ယခင်ပြဌာန်းချက်မှာ “ပြည်ပနေ နိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာခေါင်းစဥ်မှ ဝင်ငွေ” ဆိုသည့်အချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်ဖြစ်၍ ပြည်ပနေနိုင်ငံသားများ၏ ဝင်ငွေအပေါ် နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်စည်းကြပ်မှုမှာ အောက်တိုဘာလမှ စတင်မည်ဖြစ်သည်။
ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ပေးဆောင်ရသည့်ဝင်ငွေခွန်ကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုခဲ့ဖူးပြီး လက်ရှိအချိန်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။