၂၃. ၉. ၂၀၂၃
Written by Thettant
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၈ ဒသမ ၅၁ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၁၅ ရက် ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါလာသည့် Toyota Hilux Revo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၁ ကီလို သိမ်းဆည်းရမိခဲ့သည်။
သတင်းကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန်နှင့် ဆီနွန်းတို့ ၃ ဦးအား မော်တော်ဆိုင်ကယ် ၂ စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၃ ဒသမ ၆ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၈ ဒသမ ၅၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။