◾ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့အများဆုံး ပို့ဆောင်ခဲ့သောနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေ
MT News
Written by Nay Aung
တရုတ်နိုင်ငံကို ယခုနှစ်အတွင်း ဓာတ်ငွေ့အများဆုံးတင်ပို့နေသည့် ထိပ်ဆုံးသုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင်လျက်ရှိနေကြောင်း သိရသည်။
တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်သောအချက်အလက်များကိုအခြေခံပြီး တရုတ်နိုင်ငံသို့ ဓာတ်ငွေ့အများဆုံးတင်ပို့နေသည့် နိုင်ငံများစာရင်းကို ရုရှားအခြေစိုက်မီဒီယာကဖော်ပြခဲ့ရာ ရုရှားနိုင်ငံက ဒုတိယနေရာတွင်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း တရုတ်နိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုအများဆုံးပြုလုပ်နေသော နိုင်ငံများထဲတွင် တတိယနေရာတွင်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပိုက်လိုင်းမှတဆင့် ဓာတ်ငွေ့တင်ပို့မှုများသည် ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်လျှင် ၁၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနက ဆိုသည်။
မြန်မာနိုင်ငံသည် ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉၃ ဒသမ ၉၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်ဇန်နဝါရီလမှ သြဂုတ်လအတွင်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှုအများဆုံးနိုင်ငံများထဲတွင် တာ့ခ်မင်နစ္စတန်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး ရုရှားက ဒုတိယနေရာတွင်ရှိနေကာ မြန်မာနိုင်ငံက တတိယနေရာတွင်ရှိနေခဲ့ကြောင်း သိရသည်။
ထို့အပြင် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့သည်လည်း တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း ဓာတ်ငွေ့အများဆုံး ပို့လွှတ်ပေးသောခဲ့သောထိပ်ဆုံးငါးနိုင်ငံထဲတွင် ပါဝင်နေကြောင်း တရုတ်အကောက်ခွန်ဌာနကဆိုသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ပို့လွတ်ရာတွင် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်ထားသော အရှည် ၇၉၃ ကီလိုမီတာရှိသည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် အဓိကထားတင်ပို့ခဲ့ပြီး အဆိုပါ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ပို့လွတ်မှုများသည် ၁၀ နှစ် ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အဆိုပါပိုက်လိုင်းကို အသုံးပြုပြီး တရုတ်နိုင်ငံသို့ ၁၀ နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလျံ ကုဗမီတာ ပို့လွှတ်ပေးနိုင်ခဲ့သည်။
Ref;TASS