၂၂.၉.၂၀၂၃.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအတွင်း မျောက်ကျောက် (Monkeypox) ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေက ပိုမိုဆိုးရွားလာကာ ယခုရက် သတ္တပတ်အတွင်းမှာပင် ရောဂါကူးစက်ခံရသူ ၄၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အဆိုပါ ၄၂ ဦးအနက် ၄၁ ဦးမှာ အမျိုးသားများဖြစ်ပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်ကြောင်း သိရသည်။ ၎င်းတို့တွင် နိုင်ငံခြား သားသုံးဦးပါဝင်ကာ ကျန်ရောဂါကူးစက်ခံရသူများမှာ ထိုင်းလူမျိုးများဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့အနက် အများစုဖြစ်သော ၃၃ ဦးက ယောင်္ကျားချင်းလိင်တူဆက်ဆံကြသူအုပ်စုမှဖြစ်ပြီး ၂၉ ဦးဆိုလျှင် HIV ရောဂါပိုးပါ ကူးစက်ခံနေရကြောင်းတွေ့ရှိရသည်ဟု ကျန်းမာရေးဌာနက ပြောခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ စက်တင်ဘာ ၁၈ ရက်အထိ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရကြောင်း တွေ့ရှိသူ စုစုပေါင်း ၃၈၅ ဦးရှိသွားပြီဟု ရောဂါထိန်းချုပ်ရေးဌာနက ပြောကြားခဲ့သည်။ ၎င်းလူနာများအနက် ကိုယ်ခံစွမ်းအားနည်းသူတစ်ဦးမှာ သေဆုံးခဲ့ကြောင်းလည်း သိရသည်။
မျောက်ကျောက်ရောဂါပိုး မကူးစက်စေရန် မိမိနှင့် မရင်းနှီးမသိရှိသူများနှင့် လိင်ဆက်ဆံမှုများမပြုလုပ်ကြရန်နှင့် ကိုယ်ခန္ဓာအရေပြားပေါ်တွင် အနီကွက်များ၊ အရည်ကြည်ဖုများနှင့် ပြည်တည်အဖုများ ရှိသူများနှင့်ထိတွေ့ဆက်ဆံခြင်းမပြုကြရန်၊ ထိတွေ့မိလျှင် လက်များကို သေချာစွာဆေးကြောကြရန်နှင့် အခြားသူများနှင့် တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမပြုကြရန် ရောဂါထိန်းချုပ်ရေးဌာနက သတိပေးထားကြောင်း သိရသည်။
Ref——Nation Thailand