၂၂.၉.၂၀၂၃
Written by Peya
ရန်ကုန်မြို့ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ဘတ်စ်ကားအများစုမှာ ဟောင်းနွမ်းနေပြီဖြစ်သည့်အတွက် EV ကားများဖြင့် ပြန်လည်အစားထိုးမည်ဆိုပါက လေ့လာမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
“မြန်မာနိုင်ငံရဲ့ လမ်းတံတား အဆောက်အဦကိုတော့ အရင်ကြည့်ရမှာပေါ့နော်။ ဟိုဘက်က EV ကားတွေကို ဒီဘက်မှာ ရာသီဥတု အခြေအနေတွေနဲ့ ပြေးဆွဲလို့ ရမလားဆိုတာကတော့ လေ့လာရမှာပေါ့နော်။ နောက်တစ်ချက်က လက်ရှိ ရန်ကုန်မှာ ဘတ်စ်ကားတွေရဲ့ သက်တမ်းကကြာပြီ။ သူတို့ရဲ့ Life Time က ကုန်တော့မယ်။ ကားတွေက သက်တမ်းဘယ်လောက်အထိ ကြာပြီလဲဆိုရင် သူများတိုင်းပြည်မှာ ရှစ်နှစ် ဆယ်နှစ် ဆွဲပြီးတဲ့ Use ကားကို ဒီမှာ အသစ်လုပ်ပြီးတော့ ဆွဲတာပဲ ဆယ်နှစ်ပြည့်တော့မှာပဲ။ ကားက အရမ်းဟောင်းသွားတော့ အဲကွန်းဖွင့်လို့လည်း မရတော့ဘူး။ သက်တမ်းကုန်ပြီပေါ့နော်။ မကြာခင် အစားထိုးတော့ရမှာဆိုတော့ EV ကားတွေနဲ့ လိုက်လျောညီထွေ ရှိမလားပေါ့” ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
လာမည့်သုံးနှစ်အတွင်း ရန်ကုန်စျေးကွက်၌ အိမ်စီးကား၊ လုပ်ငန်းသုံးနှင့် ဘတ်စ်ကားတို့တွင် EV ကားများ ပြောင်းလဲလာနိုင်ကာ လက်ရှိတွင် EV များကို တွင်တွင်ကျယ်ကျယ်သုံးနေကြကာ အခြေအနေအကြောင်းကြောင်းများအရ EV ကားများကို သုံးလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“EV က ကားတန်ဖိုး အရမ်းကြီးတော့ EV ကို အခုမှ စ လေ့လာရတာပေါ့။ ကားတန်ဖိုးက စျေးကြီးတယ်။ EV ဘတ်စ်ကားတစ်စီးရဲ့ စျေးက ဒေါ်လာ တစ်သိန်းနှစ်သောင်းကနေ တစ်သိန်းရှစ်သောင်းအထိ ရှိတယ်။ မြန်မာကျပ်ငွေနဲ့ တွက်ရင် သိန်းငါးထောင်ဝန်းကျင်ရှိတယ်။ အများပြည်သူများ ပို့ဆောင်ရေးလုပ်ရတဲ့အခါ ကျွန်တော်တို့က ဘတ်စ်ကားခက နိုင်ငံတကာနဲ့ ယှဉ်ရင် တအားနည်းတယ်။ ကိုယ့်ပြည်တွင်းအခြေအနေနဲ့ကတော့ နည်းတယ်လို့ မဟုတ်ဘူး။ ဒီလုပ်ငန်းမှာ အရင်းကျေကာလဆိုတာ ရှိတယ်။ ဘတ်စ်ကားတစ်စီးကို သိန်းငါးထောင်နဲ့ ဝယ်ပြီးဆွဲမယ်ဆိုရင် ရရှိလာတဲ့ ဝင်ငွေနဲ့ ဘယ်နှစ်နှစ်မှာ အရင်းကျေမလဲ ဆိုတာ တွက်ရတာပေါ့။ အရင်းကျေကာလ ရောက်ဖို့က ဆယ့်ငါးနှစ်လောက် ဖြစ်သွားမယ်။ ဥပမာ ၁၉၉၀ လောက်မှာ ဘတ်စ်ကားတစ်စီးတန်ဖိုးက သိန်းတစ်ရာ ဝန်းကျင်ရှိတယ်။ အဟောင်းပေါ့လေ။ ကျွန်တော်တို့ တိုင်းပြည်က ဝယ်ဆွဲတော့ အဲ့ဒီတုန်းက ကားခနဲ့ဆို တစ်နှစ်နဲ့ နှစ်နှစ်အတွင်း အရင်းကျေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၀၀ ပြည့်နှစ်ကာလအတွင်းက Used ကားများ၏ တန်ဖိုးအရ နှစ်နှစ်နှင့် သုံးနှစ်အတွင်း အရင်းကျေကာ လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကလည်း အထူးကားများအပါအဝင် ဘတ်စ်ကားများ ပြေးဆွဲစဉ်ကလည်း အရင်းကျေကာလမှာ သုံးနှစ်ခန့် ဖြစ်ကာ ၂၀၁၅၊ ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်တွင် ကားသစ်များ ဝင်လာစဉ်ကလည်း အရင်ကျေကာလမှာ ၇ နှစ်၊ ၈ နှစ်တွင် အရင်းကျေကာ လက်ရှိ EV စျေးနှုန်းမှာ စျေးကြီးကြောင်းနှင့် သုံးနိုင်ရန် နည်းလမ်းရှာရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဥပမာ တရုတ်၊ ကိုးရီးယား၊ ဂျပန်ပေါ့။ တခြား တိုင်းပြည်တွေမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးက ရှုံးတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုလည်ပတ်လည်းဆိုတော့ အစိုးရက ပံ့ပိုးပေးနေတာ။ အစိုးရက ကျခံပေးနေတယ်။ အဲ့ဒီတော့ဘတ်စ်ကား ကုမ္ပဏီတွေက Public ကုမ္ပဏီတွေဆိုတော့ စာရင်းရှိတယ်။ အမှန်တကယ် ဘယ်လောက်မြတ်လဲ၊ အမှန်တကယ်ဘယ်လောက်ရှုံးလဲ။ ပွင့်လင်းမြင်သာစွာ ရှိတယ်။ အစိုးရလည်း သိရတယ်။ အစိုးရက ဒါတွေကို ပံ့ပိုးပေးတာပေါ့။ နိုင်ငံတိုင်းက ရှုံးတာများတယ်။ ဒါက တခြားနိုင်ငံတွေရဲ့ ပုံစံပါ” ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။