၂၂.၉.၂၀၂၃.
Translated by Htwe Ko Tun
ကနေဒါနိုင်ငံအတွင်း အိန္ဒိယသံတမန်တွေအတွက် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုရှိနေတာကြောင့် ကနေဒါနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံဆီ ပြည်ဝင်ခွင့်ဗီဇာပေးမှုလုပ်ငန်းတွေ ရပ်တန့်ထားလိုက်ပြီလို့ အိန္ဒိယအစိုးရက စက်တင်ဘာ ၂၁ ရက်မှာ ထပ်မံကြေညာခဲ့တာကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးမပြေလည်ဘဲ ကတောက်ကဆဖြစ်ရမှုက ပိုမိုမြင့်တက်လာတယ်လို့ဆိုရမှာပါ။
ကနေဒါအစိုးရက သူ့နိုင်ငံအတွင်း ခွဲထွက်ရေးသမားတက်ကြွလှုပ်ရှားသူ ဆစ်ခေါင်းဆောင် နီဂျာ လုပ်ကြံခံရမှုနောက်ကွယ်မှာ အိန္ဒိယအစိုးရရှိနေနိုင်တယ်လို့ စွပ်စွဲခဲ့အပြီးနောက်မှာ နှစ်နိုင်ငံဆက်ဆံရေးစတင်လို့ မပြေမပြစ်ဖြစ်ခဲ့ရတာပါ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကနေဒါနိုင်ငံအတွင်း အိန္ဒိယမဟာမင်းကြီးနဲ့ကောင်စစ်ဝန်ချုပ်တွေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေရှိလာတာကြောင့် ခုလိုဗီဇာထုတ်ပေးခြင်းလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ် ဘက်ချီက ”ခုလိုသံတမန်တွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာတာက အကြမ်း ဖက်မှုပါပဲ။ သံတမန်တွေရဲ့လုံခြုံရေးအတွက်လည်း အိမ်ရှင်နိုင်ငံကတာဝန်ယူရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက်မှာ ကနေဒါနိုင်ငံအတွင်းက အိန္ဒိယနိုင်ငံသားတွေ သတိဝီရိယနဲ့ နေထိုင်ကြဖို့ ကြေညာချက်ထုတ်ခဲ့ပါသေးတယ်။ အဲဒီကြေညာချက်ထုတ်ပြီးနောက်တစ်နေ့မှာပဲ ပြည်ဝင်ခွင့်ဗီဇာပေးမှုလုပ်ငန်းတွေရပ်တန့်လိုက်တယ်လို့ အိန္ဒိယအစိုးရက ထပ်မံကြေညာခဲ့တာပါ။
အိန္ဒိယအစိုးရက ကနေဒါနိုင်ငံဝန်ကြီးချုပ် ထရူးဒေါရဲ့စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်းလည်း ငြင်းပယ်ခဲ့ပြီး ကနေဒါအနေနဲ့ ရန်စမှုမပြုလုပ်ဖို့ (သို့မဟုတ်)ပြဿနာတွေ မဖန်တီးဖို့လည်း ဘတ်ချီက ထပ်မံပြောခဲ့ပါတယ်။
Ref—CNN