၂၂. ၉. ၂၀၂၃
Written by Nay Aung
မလေးရှားလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့သည် စက်တင်ဘာ ၂၁ ရက်နေ့က Telok Gong မြို့ရှိ တရားမဝင်ဖွင့်လှစ်ထားသော စက်ရုံကိုစီးနင်းခဲ့ပြီးနောက် အတင်းအကြပ်အလုပ်ခိုင်းစေခံနေရသည့် မြန်မာဆယ်ကျော်သက် ၄ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှားအခြေစိုက်သတင်းများက ဖော်ပြထားသည်။
မလေးရှားရဲတပ်ဖွဲ့သည် စက်ရုံကို စီးနင်းခဲ့ပြီးနောက် အသက်မပြည့်သေးဘဲ အလုပ်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံသား အမျိုးသားငယ် ၃ ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့လေးဦးစလုံးသည် အသက် ၁၇ နှစ်အရွယ်သာရှိသေးကြောင်း မလေးရှားလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့လက်ထောက်ကော်မရှင်နာဖြစ်သူ ဖာဒီမာဆက်က ပြောသည်။
၎င်းက “ကနဦးစုံစမ်းစစ်ဆေးမှုတွေအရတော့ ဆယ်ကျော်သက် မြန်မာနိုင်ငံသား ၄ ဦးဟာ အဲဒီစက်ရုံမှာအလုပ်လုပ်နေတာ ၂ လကနေ ၅ လအထိရှိနေပါတယ်။ စက်ရုံကို စီးနင်းချိန်အတွင်းမှာ တရားဝင် အထောက်အထားမပါဘဲ အလုပ်လုပ်နေတဲ့ အသက် ၂၁ နဲ့ ၄၅နှစ်ကြားရှိ နိုင်ငံခြားသား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်။ အဲဒီဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယားနိုင်ငံသားတွေပါဝင်ခဲ့ပြီး စက်ရုံမှာ အလုပ်လုပ်နေတာ တစ်နှစ်ခွဲကျော်ရှိနေတယ်”ဟုပြောသည်။
မလေးရှား ရဲတပ်ဖွဲ့သည် တရားမဝင်ဖွင့်လှစ်ထားသော စက်ရုံ၏ မန်နေဂျာနှင့် လက်ထောက်မန်နေဂျာတို့ နှစ်ဦးစလုံးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် ဖမ်းဆီးရမိသူအားလုံးကို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာဖြစ်သူ ဖာဒီ မာဆက်ကပြောသည်။
၎င်းက “မလေးရှားရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ အလုပ်သမားရေးရာအဖွဲ့တွေဟာ နိုင်ငံအတွင်းကို တရား မဝင်လာရောက်နေသူများ၊ လူကုန်ကူးခံရသူများကိုစောင့်ကြည့် ဖမ်းဆီးမှုတွေ အမြဲတမ်းလုပ်ဆောင်နေတယ်” ဟု ပြော သည်။
Ref;thestar