◾ လာမည့်ပွင့်လင်းရာသီတွင် တောင်ပေါ်ဒေသများသို့ ခရီးသွားများ ပိုမိုဝင်ရောက်နိုင်ကြောင်း ခန့်မှန်း
၂၂. ၉. ၂၀၂၃
Written by Nyein Kyaw
အနောက်နိုင်ငံအချို့က မြန်မာနိုင်ငံအတွင်းရှိ နေရာတော်တော်များသို့ ခရီးသွားလာမှု မပြုလုပ်ရန် ထုတ်ပြန်ချိန်တွင်ပင် လာမည့်ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ ခုအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြင့် ထင်ရှားကျော်ကြားသည့် သမိုင်းဝင်ဘုရား၊ စေတီပုထိုးများ၊ ရှေးဟောင်းအဆောက်အဦများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ သာယာကောင်းမွန်သည့် ရာသီဥတုနှင့် တောတောင်ရေမြေ သဘာဝအလှအပများအား လေ့လာကြည့်ရှုခံစားနိုင်စေရန် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် လာမည့်ပွင်းလင်းရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ ခုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ပူတာအို စသည့်ခရီးစဉ်ဒေသ ၁၄ ခုဖြစ်သည်။
ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားဆွဲဆောင်ရာနေရာများနှင့် သွားလာလည်ပတ်ရာတွင် ဆောင်ရွက်နိုင်မည့် ဖော်ပြချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website များဖြစ်သော www.tourism.gov.mm နှင့် www. tourisminmyanmar.com တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံအတွင်း ငွေဆောင်၊ ချောင်းသာ၊ ငပလီ စသည့် ကမ်းခြေဒေသများကိုသာ အများဆုံးသွားရောက်လေ့ရှိပြီး ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများ၏ ရှု့ခင်းများသွားရောက်ကြည့်ရှုလေ့လာရသည့် ခရီးစဉ်များကို ပြန်လည်စိတ်ဝင်စားမှုမြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ထို့ပြင် ပြည်တွင်းခရီးသွားများအနေဖြင့် မိုးရာသီတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး အောက်တိုဘာလ (သီတင်းကျွတ်ပြီးကာလ)မှသာ ခရီးသွားလာလေ့ရှိသည့်အတွက် လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပြည်ပခရီးသွားများသာမက ပြည်တွင်းခရီးသွားများလည်း လည်ပတ်မှုပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထား သည်။
“နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာတော့ ခရီးသွားတွေ ပြန်တက်လာဖို့ရှိပါတယ်။ ဒီနှစ်တော့ မနှစ်ကလိုပဲ တစ်သန်းလောက်တော့ သွားလာလိမ့်မယ်လို့ မျှော်မှန်းတယ်။ ကလောတို့ ဘာတို့ဘက်ကို ပြည်တွင်းခရီးသွား အများအပြားသွားရောက်ပြီးတော့ ပြည်တွင်းခရီးစဉ်တွေထဲမှာ ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာတယ်။ ကမ်းခြေဒေသတစ်ခုတည်းမဟုတ်ဘူး။ တောင်ပေါ် ဒေသတွေ တောင်ပေါ်ရှုခင်းတွေကိုလည်း လေ့လာတဲ့သူတွေ ပိုများလာပါတယ်။ လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တောင်ပေါ်ဒေသတွေ၊ ကမ်းခြေမဟုတ်တဲ့ အခြားဒေသတွေကို ခရီးသွားပိုမြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်” ဟု ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက မြန်မာနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား သုံးသန်းကျော်နှင့် ပြည်တွင်းခရီးသွား ၁၀ သန်းခန့်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာသည့်အချိန်တွင် ယခင်ဝင်ရောက်ခဲ့မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။
မြန်မာနိုင်ငံက တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုကို ဗြိတိန်နိုင်ငံသားများ ခရီးသွားလာမှု လုံးဝမပြုလုပ်ရန် ဗြိတိန်အစိုးရ၏ The Foreign, Commonwealth and Development Office (FCDO)က သတိပေးချက် ထပ်မံထုတ်ပြန်ထားပြီး FCDO ၏ တားမြစ်ချက်တွင် မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင် စသည့်ပြည်နယ် ၅ ခုနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်နှင့် တောင်ပိုင်းဒေသတို့ ပါဝင်ခဲ့သည်။