October 22, 2024

MT News

Written by Phyo Wei

ဗုဒ္ဓဘာသာကို ဝေဖန်တိုက်ခိုက်မှုတွေ ပိုများလာပြီး ပြည်သူလူထုကို ဘုရားကျောင်းကန်မသွားရဲအောင် ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်လာတဲ့ အ ကာလ၊ စီးပွားရေးကျပ်တည်းလာပြီး ပြည်သူလူထု အဆင်မပြေတော့ဘူးလို့ လှုံ့ဆော်မှုတွေနဲ့ ကာလ၊ အလှူအတန်းပြုရင်တောင် ဟာသဖြစ်လာတဲ့ ဒီလိုကာလမျိုးမှာ ကထိန်သင်္ကန်းဆက်ကပ်ပူဇော်ပွဲတွေ နေရာအနှံ့မှာ ဖြစ်လာမယ်လို့ ပြီးခဲ့တဲ့ နှစ်ပတ်၊ သုံးပတ်လောက်ကသာ ပြောမယ်ဆိုရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလမှာ အစိုးရအနေနဲ့ ပွဲလမ်းသဘင်တွေလုပ်တာကို ကန့်သတ်ခဲ့တာနဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးဂယက်ကြောင့် ဗုဒ္ဓဘာသာဟာ လူမှုကွန်ရက်မှာ လှောင်ပြောင်စရာအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့်ပါ။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမတည်ငြိမ်သလို အကျိုးဆက်တွေဖြစ်တဲ့ စက်သုံးဆီဂယက်၊ ရုရှား-ယူကရိန်းစစ်ပွဲအကျိုးဆက်တွေကြောင့် ကမ္ဘာပေါ်က စားနပ်ရိက္ခာလုံခြုံမှုဆီကိုပါ ဂယက်ရိုက်လာခဲ့ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့်

ပြည်သူလူထု စားဝတ်နေရေးခက်ခဲလာလို့ပါ။ အဆိုးဆုံးအချက်ကတော့ SAC နဲ့ NUG တို့ရဲ့ အာဏာလွန်ဆွဲပွဲမှာ ရွှေဝါရောင်အရေးအခင်းနဲ့ ပြည်သူ့သံဃာဖြစ်ခဲ့တဲ့ သံဃာတော်တွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ လုံး၀မပါဝင်သလောက်ဖြစ်တာကြောင့် SAC ကို အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သံဃာ ၆၀ ကျော် သတ်ဖြတ်ခံထားရတဲ့အခြေအနေကြောင့်ပါ။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကထိန်တွေဟာ အံ့ဩစရာကောင်းလောက်အောင် ထူးထူးခြားခြားများခဲ့ပြီး ကျောင်းတိုက်တိုင်းလိုလိုမှာ ကထိန်ခင်းနေတာကို တွေ့လာရပါတယ်။ MT News ရဲ့ သတင်းစုံစမ်းချက်အရတော့ ကထိန်ခင်းကျင်းတဲ့ ကာလကစပြီး နိဗ္ဗာန်ကုန်ဆိုင်တွေမှာ သင်္ကန်းတွေ၊ သင်္ကန်းခြင်းတွေ အများအပြား ရောင်းအားကောင်းခဲ့တာကို တွေ့ရသလို ကျောင်းတိုက်အများစုမှာလည်း ကျောင်းရှိသံဃာအကုန်ကြွတာတောင် ဖိတ်ကြားထားတဲ့ကထိန်တိုင်းကို သွားရောက်နိုင်မှုမရှိဘူးလို့လည်း သိရပါတယ်။

“ဒီနှစ်ကတော့ ကထိန်တွေများတယ်။ လပြည့်နေ့ဆို ပိုတောင်များသေးတယ်။ ဦးဇင်းကျောင်းမှာဆိုရင် ၁၀ ပါးပင့်ထားတာတောင် ကြွမလာနိုင်ဘဲ ၆ ပါးဘဲကြွလာနိုင်တယ်” လို့ ဇဗျူထိန်လင်းကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။

ဒီနှစ်မှာ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာလည်း ကျောင်းအများစုက ကထိန်ခင်းနိုင်ကြတာ တွေ့ရပြီး လူမှုကွန်ရက်မှာဆိုရင်လည်း ကထိန်ခင်းတဲ့ကျောင်းသူ၊ ကျောင်းသားကလေးငယ်တွေရဲ့ အကအလှတွေအပြင် ဆရာမတွေရဲ့ ကထိန်ခင်းချိန် အပျော်သဘော ကလေးငယ်လေးတွေနဲ့ ဝတ်စုံပြည့်နဲ့ ကပြနေတဲ့ မြင်ကွင်းတွေဟာ ဗုံးခွဲခံ၊ မီးရှို့ခံ အသက်ပေးပြီး ကျောင်းတက်နေရတဲ့ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေအတွက်တော့ ပျော်စရာ ကထိန်ပွဲ၊ စိတ်ချမ်းမြေ့စရာမြင်ကွင်းတွေလည်း ဖြစ်နေပါသေးတယ်။

“ သိရသလောက်ကတော့ ပြန်ဖွင့်တဲ့ ကျောင်းအများစုမှာ ကထိန်ခင်းကြတယ်။ စာသင်ကျောင်း ၃၅၀၀၀ ပြန်ဖွင့်လို့ ကျောင်း ၃၀၀၀၀ လောက်က ကထိန်ခင်းရင်တောင် ဘုန်းကြီးကျောင်းတွေအတွက် တော်တော်လေးကို ကထိန်ရနိုင်တဲ့အခြေအနေပါပဲ။ ဘာပဲပြောပြော ကျောင်း ၅၀၀ လောက် မီးရှို့ဖျက်ဆီးခံထားရ၊ ဆရာ၊ ဆရာမ ၅၀ ကျော် ၆၀ လောက် အသတ်ခံထားရပေမဲ့ ကထိန်မှာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားလေးတွေ ယူနီဖောင်းအပြည့်အစုံနဲ့ ပျော်ပျော်ပါးပါး ကထိန်ခင်းနေကြတဲ့ မြင်ကွင်းကတော့ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ မိဘပြည်သူတွေအတွက်တော့ စိတ်နှလုံးချမ်းမြေ့စရာပါ” ဟု အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးသန်းမြင့်က မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ ကထိန်ရာသီတွေမှာဆိုရင် ကပ်ရောဂါ၊ အာဏာလွန်ဆွဲပွဲဂယက်တွေနဲ့ ရဟန်းသံဃာ အပါး ၆၀ ကျော် သတ်ဖြတ်ခံထားရတာကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ ကထိန်ခင်းကျင်းရဲမှုမရှိကြပါဘူး။ အဲဒါကြောင့်လည်း ကထိန်အခဲ့ကြတာ နှစ်နှစ် သုံးနှစ်ဆက်ရှိတဲ့ကျောင်းတွေလည်း အများအပြားဖြစ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကထိန်ခင်းကြတာအများအပြားရှိပြီး ဆက်ကပ်မှုတွေလည်း ပမာဏ များပြားတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ နှစ်နှစ်မှာ ကိုဗစ်နဲ့ ကိုစစ်ကြောင့် စာသင်တိုက်တွေ ကထိန် အ ခဲ့တာကြောင့် ကျောင်းတိုက် ၂၀ လောက်ကို အေးကထိန် လိုက်လှူဖြစ်သလို ကိုယ်တိုင်လည်း နှစ်စဉ်ကထိန်ခင်းခဲ့တာ။ အရင်နှစ်နှစ်တုန်းကဆိုရင် ကထိန်မရတဲ့ကျောင်းတွေက အေးကထိန်လေးဖြစ်ဖို့ ရှာပေးပါဆိုပြီး ကျောင်းအကျိုးတော်ဆောင်တွေက အကူအညီတောင်းလာတာရှိတယ်။ အဲဒီလိုမျိုးဆို အေးကထိန်ခင်းချင်တဲ့အလှုရှင်တွေရှာပြီးတော့ ကထိန်လိုတဲ့ကျောင်းတွေနဲ့ ကထိန်ခင်းဖို့ ချိတ်ဆက်ပေးလိုက်တယ်။ ဒီနှစ်တော့ ကထိန်မရလို့ လိုက်ရှာတဲ့အကျိုးတော်ဆောင်တော်တော်နည်းသွားပြီး မရှိသလောက်ဘဲ။ ဒီလိုကာလကြီးမှာ ကျောင်းတိုက်အများစု ကထိန်ရတယ်လို့လည်း သိရလို့ ပီတိဖြစ်ရပါတယ်” လို့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့ ဦးဆောင်သူတစ်ဦးက ဆိုပါတယ်။

အထူးသဖြင့် တစ်ချိန်တုန်းက ဆိုက်ကားတွေနဲ့ လှည့်လည်ခဲ့ကြရာကနေ လက်ရှိမှာတော့ တရုတ်ဆိုင်ကယ်ကို ဆိုက်ကား ဘေးတွဲတပ်ပြီး စီးပွားရှာဖွေကြတဲ့ အနှေးယာဉ်လုပ်သားတွေကလည်း ဆိုက်ကားဂိတ်၊ ဆိုင်ကယ်ဂိတ်တိုင်းလိုလို ကထိန်ခင်းကြပြီး ဦးရွှေရိုး၊ ဒေါ်မိုးအကတွေနဲ့ စီတန်းလှည့်လည်ကထိန်ခင်းလာကြတာကိုလည်း တွေ့ရပြန်ပါတယ်။

“ဆိုက်ကားဂိတ်ကနေ ဘေးတွဲဆိုင်ကယ်ဖြစ်လာပေမဲ့လည်း ကထိန်ကတော့ အတတ်နိုင်ဆုံး ခင်းဖြစ်ပါတယ်။ နိုင်ငံရေးက နိုင်ငံရေး၊ ဘာသာရေးက ဘာသာရေး။ ကုသိုလ်က ကုသိုလ်ပါပဲ” လို့ အရှေ့ဒဂုံမှာ ကထိန်ခင်းတဲ့ အနှေးယာဉ်လုပ်သားတစ်ဦးက မှတ်ချက်ပြုပါတယ်။

နိုင်ငံ့အတွက် ဘာသာ သာသနာအတွက် သတ်ဖြတ်ခံသံဃာအတွက် ခက်ခဲတဲ့ ဒီကာလမှာ ဘာကြောင့် ကထိန်တွေ ပြန်များခဲ့ပါသလဲ။ သေချာတာကတော့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ အစွန်းရောက်ဘာသာခြားတချို့ဦးဆောင်ပြီး တော်လှန်ကြ၊ တိုက်ခိုက်ကြ။ ဗုဒ္ဓနဲ့ ဓမ္မကို တိုက်ခိုက်ဖြိုဖျက်လို့ မရတာကြောင့် ပုထုဇဥ်ဖြစ်တဲ့ သံဃာကို တိုက်ခိုက်သတ်ဖြတ်မှုတွေလုပ်၊ ဗုဒ္ဓဘာသာကို မှေးမှိန်ဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာပေမဲ့လည်း လွယ်လွယ်ဖြိုဖျက်လို့ ပြိုပျက်နိုင်မှာမဟုတ်တာကတော့ ဒီနေ့ ကထိန်တွေက သက်သေပြနေပါတယ်လို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *