၂၂.၉. ၂၀၂၃
Written by Nay Moe
တန့်ဆည်မြို့ပေါ်ရှိ ဒေါင်းမင်းလုံခြုံရေးစခန်းနှင့် လဝကရုံးအား တန့်ဆည် PDF အပါအဝင် PDF ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် စီးနင်းဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် ဒေသတွင်းသတင်းများတွင် ဖော်ပြသည့် ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်များမှာ တန့်ဆည်မြို့အနောက်ထွက်ပေါက်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များရှိနေသော ရွှေဒေါင်းမင်းလုံခြုံရေးစခန်းအား PDF များက ရာချီသော အင်အားအများအပြားဖြင့် ယနေ့နံနက် ၁၂ နာရီကျော်အချိန်က ဝင်ရောက်စီးနင်းခဲ့ပြီး အချိန် ၃ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ PDF များက ဒေါင်းမင်းစခန်းအပြင် အနီးရှိ မြို့နယ်တရားရုံး၊ ပညာရေးမှူးရုံး၊ လဝကရုံးတို့အား မီးတင်ရှို့၍ လင်းအားကြီးစအချိန်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု ကနဦးဖြစ်စဥ်အပေါ် ကြားသိရသည်ကို ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ည တိုက်ပွဲစဖြစ်ကတည်းက အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ အခုထိလည်း မြို့ပေါ်မှာတပ်က ကင်းလှည့်တာ စစ်တာကလွဲရင် အကုန်လုံးက ကိုယ့်အိမ်ထဲကိုယ်၊ ကိုယ့်ဗုံးခိုကျင်းထဲကိုယ်ပဲ နေနေကြရတာ။ ဖြစ်တဲ့နေရာတွေလည်း ဘယ်သူမှသွားမကြည့်ရဲဘူး။ Facebook ပေါ်မှာ ဘယ်ဘက်ကထိတယ်။ ဘယ်ဘက်မှာ ဘယ်အဖွဲ့က စစ်နေတယ်ဆိုတာလောက်ပဲ ကြည့်နေရတာ” ဟု တန့်ဆည်ဒေသခံတစ်ဦးက လက်ရှိအခြေအနေအပေါ် MT News ကို ပြောသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး တန့်ဆည်ဖြစ်စဥ်များကို PDF များဘက်မှ ရေးသားဖော်ပြနေသည့် Taze News တွင် လခရ ၂၀ ကျော် သေဆုံးခဲ့ကြောင်း အရာရှိကိုင် ခြောက်လုံးပြူးတစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၄ လက်နှင့် ခဲယမ်းမျိုးစုံ ၁၀၀၀ ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် PDF တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် တန့်ဆည်ဘက်သို့ ကာဘိုးဘက်မှ လုံခြုံရေးအင်အားအများအပြားဖြင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် ထွက်ခွာလာကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း တန့်ဆည်ဇာမဏီ ထောက်ပို့အဖွဲ့နှင့် PDF များက ရေးသားထားသည်ကို တွေ့ရသည်။
MT News သတင်းဌာနအနေဖြင့် တန့်ဆည် PDF အဖွဲ့များက အင်အားရာချီပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဥ်မှန်ကန်ကြောင်းကိုသာ အတည်ပြုနိုင်ပြီး ထိခိုက်သေဆုံးမှုသတင်းများကိုမူ အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။