၂၂.၉.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ သက်ဆင်ရှီနာဝါထရာအနေနဲ့ ထောင်ဒဏ်တစ်နှစ်ပြည့်မြောက်လို့ အကျဉ်းထောင်က လွတ်လာပြီဆိုရင်တော့ ထိုင်းအစိုးရအဖွဲ့မှာ တစ်ကြိမ်ပြန်လည်လို့ ပါလာနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ထင်မြင်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က စက်တင်ဘာ ၂၀ ရက်က ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ဆရက်သာက ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယော့ခ်မြို့ကို ရောက်ရှိနေချိန် Bloomberg ရုပ်မြင်သံကြားဌာနနဲ့တွေ့ဆုံရာမှာ ခုလိုပြောခဲ့တာဖြစ်ပါတယ်။ ဆရက်သာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကာလအတွင်း ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေထက် စီးပွားရေးတိုးတက်မှု နောက်ကျကျန်ခဲ့တာကို ပြန်လည်ကောင်းမွန်စေဖို့ နည်းလမ်းရှာနေတယ်လို့လည်းဆိုပါတယ်။
ဝန်ကြီးချုပ် ဆရက်သာရဲ့ပြောကြားချက်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ ထိုင်းနိုင်ငံရေးမှာ ဘွားကနဲပေါ်လာနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုလို့လည်းဆိုရမှာပါ။ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ သူ့အပေါ် အဂတိလိုက်စားမှုနဲ့စွဲချက်တွေကို ရှောင်တိမ်းဖို့ ၂၀၀၈ ခုနှစ်မှစကာ ပြည်ပမှာ ၁၅ နှစ်ကြာ သွားရောက်နေထိုင်နေခဲ့ပြီးတဲ့နောက် သူတည်ထောင်ခဲ့တဲ့ ဖျူထိုင်းပါတီဟာ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက တဖန်ပြန်လည် အစိုးရဖွဲ့နိုင်တဲ့အခါမှာတော့ ထိုင်းနိုင်ငံဆီ ပြန်လည်ရောက်ရှိလာတာပါ။ ဆရက်သာကိုထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ပါလီမန်မှာ ရွေးကောက်တင်မြှောက်မှုမပြုမီ နာရီပိုင်းအလိုမှာပဲ သက်ဆင်က ဘန်ကောက်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်နှစ်ရပ်ပူးတွဲမဲရွေးချယ်ပွဲမှာ ဆရက်သာကလည်း အထက်လွှတ်တော်ရဲ့ ထောက်ခံမဲအကူအညီနဲ့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရတာပါ။ ဒါကလည်း ဘုရင်စနစ်လိုလားတဲ့ တပ်ထောက်ခံသူတွေနဲ့ သက်ဆင်အကြားမှာ သဘောတူညီမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြင်နိုင်တယ်လို့ဆိုကြပါတယ်။
ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့ချိန်သာမက ဆယ်စုနှစ် နှစ်ခုနီးပါး ကြာတဲ့အထိ၊ ပြည်ပရောက်နေတဲ့အချိန်မှာရော သက်ဆင်မိသားစုက ထိုင်းနိုင်ငံရေးကိုကောင်းစွာ လွှမ်းမိုးထားနိုင်တယ်လို့ဆိုရမှာပါ။ သူ့ကို ထောင်ဒဏ်ရှစ်နှစ်အပြစ်ပေးခံရပေမယ့် ဒီပြစ်ဒဏ်အတွက် ထောင်ကိုရောက်ပြီး နောက်နေ့မကူးခင်မှာတင် ရင်ဘတ်အောင့်ဝေဒနာနဲ့သွေးတိုးမှုတို့အတွက် ရဲတပ်ဖွဲ့ဆေးရုံကို တင်ပို့ခဲ့တာပါ။
ဒါ့အပြင် ရက်ပိုင်းအတွင်းမှာပဲ သက်ဆင်က ထိုင်းဘုရင်ထံ အသနားခံလွှာတင်သွင်းခဲ့လို့ ပြစ်ဒဏ်ကို တစ်နှစ်အထိလျှော့ချခဲ့ပါတယ်။ ဒါ့ပြင်သူ့ရဲ့မိသားစုက ဆေးရုံတက်နေရတဲ့ သက်ဆင်ကို ပြစ်ဒဏ်မစေ့မီခံဝန်နဲ့ ပြန်လွှတ်ပေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
မစ္စတာ ဆရက်သာက “ သက်ဆင်က ထိုင်းနိုင်ငံသမိုင်းမှာတော့ လူကြိုက်အများဆုံး ဝန်ကြီးချုပ်လို့ ကျွန်တော်ဆိုချင်တယ်။ သူလွတ်မြောက်သွားရင်လည်း ကောင်းတဲ့အချက်တွေ အများကြီးရှိတာမြင်သာပါတယ်။ ကျွန်တော့အနေနဲ့ရော တခြားထိုင်းဝန်ကြီးချုပ်တွေပါ အမြော်အမြင်စဉ်းစားဉာဏ်မှာ သူ့ကိုမမီပါဘူး” လို့ ပြောခဲ့ပါတယ်။
ဆရက်သာဟာ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစလို့ ဆယ်နှစ်နီးပါး တပ်အစိုးရက အုပ်ချုပ်ပြီးတဲ့နောက် ပထမဆုံးအာဏာပြန်လည်ရရှိလာတဲ့ ဝန်ကြီးချုပ်ပါ။ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကိုပဲ လိုလားတဲ့ ရှေးရိုးစွဲဝါဒီတွေက သူ့ကို ဝန်ကြီးချုပ်နေရာအတွက် ပိုမိုနှစ်ခြိုက်ကြတယ်လို့ ယူဆရမှာပါ။ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့ MFP ပါတီခေါင်းဆောင်၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မယ်ဆိုတဲ့ ပီတာကတော့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်ရဲ့ ပိတ်ဆို့ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရတာပါပဲ။
ဆရက်သာအနေနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာ နှစ် ၃၀ ကျင်လည်ခဲ့သူဖြစ်ပေမယ့် နိုင်ငံရေးအရ အတွေ့အကြုံမရှိသေးတာကို ဝန်ခံခဲ့ပါတယ်။ ဆရက်သာက “ကျွန်တော့်ရဲ့ လက်ရှိညွန့်ပေါင်းအစိုးရက တည်ငြိမ်မှုရှိတယ်လို့ ယုံကြည်ပါတယ်၊” လို့ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီညွန့်ပေါင်းအစိုးရမှာ ထိုင်းနိုင်ငံမှာလူကြိုက်များပြီး နိုင်ငံရေးအတွေ့အကြုံကြွယ်ဝတယ်လို့ လည်းဆိုရမယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဘယ်လိုပြန်ဝင်လာနိုင်မလဲ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
Ref—-Bloomberg