၂၂.၉. ၂၀၂၃
Written by Thettant
၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဆယ်နှစ်တာကာလအတွင်း အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်လုပ်သား ၂၃၆၇၀ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် အလုပ်အကိုင် ပထမအဆင့်အတွက် အမျိုးသား ၁၄၁၁၅ ဦးက အလုပ်အကိုင် ၃၃ နေရာကို ဖြေဆိုခဲ့ပြီး ၁၂၆၉၂ ဦး အောင်မြင်ခဲ့ကာ အမျိုးသမီး ၉၈၄၂ ဦးဖြေဆိုရာတွင် ၉၂၄၁ ဦး အောင်မြင်ခဲ့ကာ စုစုပေါင်း ၂၁၉၃၃ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။
အလားတူ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် အလုပ်အကိုင် ဒုတိယအဆင့်တွင် အမျိုးသား ၁၇၂၆ ဦးက အလုပ်အကိုင် ၁၆ မျိုးအတွက် ဖြေဆိုခဲ့ပြီး ၁၅၀၁ ဦး အောင်မြင်ခဲ့ကာ အမျိုးသမီး ၂၃၈ ဦးဖြေဆိုရာတွင် ၂၂၉ ဦး အောင်မြင်ခဲ့၍ စုစုပေါင်း ၁၇၃၀ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။
ထို့အတူ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် အလုပ်အကိုင် တတိယအဆင့်၌ ဂဟေဆက်လုပ်သား ၈ ဦး ဖြေဆိုခဲ့ပြီး ၇ ဦးအောင်မြင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်သည် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံ၏လုပ်သားဈေးကွက် လိုအပ်ချက်အရ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။