MT News
Written by Min Mahar
မတ္တရာမြို့နယ်တွင် သေနတ်နှင့် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော အမည်မသိအမျိုးသား ၄ ဦး၏ အလောင်းများကို ယမန်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းများနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၊ “အယ်လ်ဖာ”ဘိလပ်မြေစက်ရုံသို့သွားသည့် လမ်းခွဲအနီးတွင် အမည်မသိ အမျိုးသား ၄ ဦးဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု ဒေသခံတစ်ဦးမှ သက်ဆိုင်ရာသို့အကြောင်းကြားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေနတ်ဖြင့် ပစ်သတ်ထားသည့်အပြင် ဓားနှင့်ပါထိုးထားသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
အဆိုပါအမည်မသိအသတ်ခံရသူများအနက် အသက် ၅၆ နှစ်ခန့်အရွယ်ရှိသော အမျိုးသားမှာ နဖူးမှကျည်ဖောက်ဝင်ပြီး နောက်စေ့သို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံမှကျည်ဖောက်ဝင်ပြီး နောက်ကျောသို့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ အသက် ၄၃ နှစ်အရွယ်ခန့်ရှိသော အမျိုးသားတွင် လည်ပင်းပြတ်ရှသည့်ဒဏ်ရာ ၁ ချက်၊ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပေါင် ပြတ်ရှဒဏ်ရာများ၊ ဝဲဘက်လက် ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် လည်းကောင်း၊ အသက် ၃၈ နှစ်အရွယ်ခန့်ရှိသော အမျိုးသားမှာမူ နဖူးပြတ်ရှဒဏ်ရာ ၃ ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝမ်းဗိုက်ကိုလည်း ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ပေါင်ကိုထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ အသက် ၅၂ နှစ်အရွယ်ခန့်ရှိသော အမျိုးသားမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင်ကို ပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မတ္တရာမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းအသတ်ခံရသူများသည် မည်သူမည်ဝါများဖြစ်သည်ဟု ယခုထိမသိရှိသေးဘဲ ၎င်းတို့အား ရက်ရက်စက်စက်သတ်ဖြတ်သွားသူများကို နယ်မြေခံရဲစခန်းမှ လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။