MT News
Written by Hey Mar
လားရှိုးမြို့၊ ရပ်ကွက်(၈)ရှိ ဆောက်လက်စအဆောက်အဦတစ်ခုတွင် ဆောက်လုပ်ရေးလုပ်သား ၃ ဦး ဆားဗစ်ကန်(Septic Tank)ထဲ ပိတ်မိနေကာ သေဆုံးသွားသည့်ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၂၁ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်က ဖြစ် ပွားခဲ့ကြောင်း လားရှိုးလူငယ်ပရဟိတအဖွဲ့မှ သိရသည်။
ဖြစ်စဉ်နေရာသို့ရောက်ရှိချိန်တွင် လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မှူးဦးစီးသည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံပရဟိတအဖွဲ့များ ပူးပေါင်းကာ ဆားဗစ်ကန် (Septic Tank)အတွင်း ပိတ်မိလူနာများအား ဆယ်ယူခဲ့ပြီး အသက်ကယ်မှုလုပ်ငန်းများဆောင်ရွက်သော်လည်း သေဆုံးလျှက်သာ ထုတ်ယူနိုင်ခဲ့ကြောင်းသိရသည်။
သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်းလူနာတင်ယာဥ်၊ ကရုဏာဖောင်ဒေးရှင်း လူနာတင်ယာဉ်၊ မေတ္တာစမ်းရေလူမှုကူညီရေးအသင်း လူနာတင်ယာဉ်တို့ဖြင့် သယ်ဆောင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့(PR-013/014/015)ဖြင့် အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။