၂၁. ၉. ၂၀၂၃
Written by Nay Aung
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဖြစ်မြောက် အောင် မြင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ကံကြမ္မာနှင့် အရှေ့ တောင်အာရှဒေသတစ်ခုလုံး၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ဖွယ်ရှိနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI)
အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတွင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ဝန်ကြီး ဦးကိုကိုလှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဝန်ကြီးဦးကိုကိုလှိုင်က ” ရပ်ဝန်းနဲ့ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်း ၊ ကျန်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဒီစီမံကိန်းက အားပေးမြှင့်တင်ပြီးတော့မှ အားလုံးတန်းတူညီမျှဖွံ့ဖြိုးတိုးတက်တဲ့၊ မျှဝေထားတဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်သွားကြဖို့လည်းပဲ မျှော်လင့်ထားပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကတော့ နှစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ကြတဲ့ ၁၉၈၀ ပြည့်လွန်ကာလတွေကနေ စပြီးတော့ တိုးတက်လာတာ ဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားတဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမကတော့ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကို ဆထက်ထမ်းပိုး အရှိန်မြှင့်တင်ပေးနိုင်မယ့် အားကောင်းမောင်းသန် အားမြှင့်ပေးနိုင်မယ့် ကိရိယာတစ်ခု ဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျသော မူဆယ်၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည် ဖြစ်ပြီး စီးပွားရေးစင်္ကြံလမ်းမတစ်လျှောက်တွင် အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ အဆင့်မြင့်နယ်စပ်ဂိတ်များ၊ ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ်လုပ်နိုင်မည့်စက်မှုဇုန်များ စသည့် ကုန်လမ်းကြောင်းရော၊ ရေလမ်းကြောင်းပါ နှစ်ခုစလုံးကိုအသုံးပြုပြီး ကုန်စည်ကူးသန်းနိုင်မည့် လမ်းကြောင်းများဖြစ်ပေါ်လာစေရေးအတွက်အကောင်အထည်ဖော်သွားမည့် စီမံကိန်းများလည်း ပါဝင်နေကြောင်း သိရသည်။
စီးပွားရေးစင်္ကြံ တွင်ပါဝင်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမည့် ဒေသတွင်းမဟာဗျူဟာကျသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာနိုင်ငံများကိုချိတ်ဆက်နိုင်မည့် BRI စီမံကိန်းကို အဆိုပြုလုပ်ဆောင်ခဲ့ပြီး နိုင်ငံ၊ အဖွဲ့စည်းပေါင်း ၁၅၀ကျော်ပါဝင်လျက်ရှိနေကာ အာရှ၊ ဥရောပ နှင့် အာဖရိကတို့ကိုချိတ်ဆက်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
Ref; xinhua english