၂၁.၉.၂၀၂၃
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံ၏ အခိုင်မာဆုံးသော မဟာမိတ်တစ်ဦးဟုလည်းဆိုရမည့် ပိုလန်နိုင်ငံက ပိုလန်လယ်သမားများ၏ အကျိုး စီးပွားကို ကာကွယ်ရန်အတွက်ဟုဆိုကာ ယူကရိန်းနိုင်ငံမှ သီးနှံများတင်သွင်းမှုကို ပိတ်ပင်ခဲ့ခြင်းဖြင့် ရုရှားအလိုကျလုပ် ဆောင်နေသည်ဟု ယူကရိန်းသမ္မတ ဇယ်လင်စကီးက ကုလသမဂ္ဂ၌ စွပ်စွဲပြောကြားခဲ့အပြီး နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာလ ၂၀ ရက်တွင် ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများပေးပို့နေခြင်းအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။
ပိုလန်နိုင်ငံက ယူကရိန်းအား ရုရှားစတင်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယူကရိန်းသို့ လက်နက်ခဲယမ်းများနှင့် စစ်ကိရိယာများ အဓိကထောက်ပံ့လာခဲ့သည့် အနီးကပ်မဟာမိတ်တစ်ဦးဖြစ်ကာ ယူကရိန်းနိုင်ငံသားဒုက္ခသည်တစ်သန်းခန့်ကိုလည်း လက်ခံထားသေးသည်။ ထို့ပြင် ယူကရိန်းနိုင်ငံသို့ နိုင်ငံတော်အထောက်အပံ့အဖြစ် ပုံစံအမျိုးမျိုးနှင့်ပေးပို့ထောက်ပံ့ခဲ့သူလည်းဖြစ်သည်။
လွန်ခဲ့သောရက်များအတွင်းကမူ နှစ်နိုင်ငံအကြား သီးနှံကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိခဲ့ပြီး ဆက်ဆံရေးမှာလည်း မပြေမလည်ဖြစ်ခဲ့ရသည်။ စက်တင်ဘာ ၂၀ ရက်တွင်မူ ပိုလန်နိုင်ငံဝန်ကြီးချုပ် မိုရာဝစ်ကီက ပိုလန်နိုင်ငံအနေဖြင့် မိမိနိုင်ငံကာကွယ်ရေးအတွက် ဦးစားပေးရန်ဆုံးဖြတ်ထားသဖြင့် လက်နက်ခဲယမ်းများထောက်ပံ့ပေးပို့နေမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံသို့လည်း ပိုလန်မှ လက်နက်ခဲယမ်းများ ဆက်လက်မပေးပို့တော့ဘဲ ပိုလန်နိုင်ငံအတွက် ခေတ်မီလက်နက်များကို တပ်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဇယ်လန်စကီးက ကုလသမဂ္ဂအထွေထွေညီလာခံတွင် အချို့သောနိုင်ငံများက ယူကရိန်းနှင့်စည်းလုံးညီညွတ်မှုရှိသည်ဟု ဟန်ဆောင်နေကြကြောင်း၊ ဥရောပတွင်ဆိုလျှင် အချို့က ရုရှားနိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေရန် ရုရှားနိုင်ငံမှ သီးနှံတင်ပို့မှုကို ခွင့်ပြုထားကြောင်း ပြောခဲ့သည်။
ယူကရိန်းစစ်ပွဲစတင်ခဲ့သည်မှစ၍ ပင်လယ်နက်ဒေသ သင်္ဘောလမ်းကြောင်းများပိတ်ဆို့ကာ ဥရောပသမဂ္ဂက ယူကရိန်းသီးနှံများတင်ပို့မှုအတွက် အဓိကဖြတ်သန်းရာခရီးလမ်းကြောင်းနှင့် ဈေးကွက်ဖြစ်လာခဲ့ရသည်။ သွင်းကုန်သီးနှံများကြောင့် အချို့နိုင်ငံများတွင် လယ်သမားများအတွက် ဈေးနှုန်းများထိုးကျလာသည်လည်းရှိခဲ့ရာ မေလကမူ ဥရောပသမဂ္ဂက သွင်းကုန်များအပေါ် တင်းကျပ်မှုတစ်ရပ်ကို သဘောတူခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ယူကရိန်းသီးနှံများ ဖြတ်သန်းတင်ပို့ရာ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံများတွင် အဆိုပါသီးနှံများအား ဖြတ်သန်းပို့ဆောင်ခွင့်ပြုသော်လည်း ရောင်းချခွင့်မပြုဟုဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်တွင် ဥရောပကော်မရှင်က သွင်းကုန်တားမြစ်ထားမှုကို အဆုံးသတ်တော့မည်ဟုဆိုသော်လည်း ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားတို့က ကန့်ကွက်ခဲ့ကြသည်။
ပိုလန်နိုင်ငံက ယူကရိန်းသို့ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တင့်ကားများ၊ ဒုံးကျည်များနှင့်လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံကိုလည်း ထောက်ပံ့ထားသည့်အကူအညီရရှိရာ အရင်းအမြစ်တစ်ခုဖြစ်ပေရာ ဤကဲ့သို့ ၎င်း၏ထောက်ပံ့မှုရပ်ဆိုင်းခြင်းက ယူကရိန်းအတွက် များစွာထိခိုက်စေ မည်ဟု ယူဆရသည်။
Ref—-The Guardian