၂၁. ၉. ၂၀၂၃
Written by Hey Mar
အခြေခံလူတန်းစားနဲ့ ကျူးကျော်ရပ်ကွက်ထဲက အိမ်ငှားနေထိုင်သူတွေ အများစု လက်ရှိမှာတော့ သူတို့အိမ်ရဲ့မီးဖိုဆောင်လေးတွေ မီးခိုးတိတ်နေတဲ့ အနေအထားမှာရှိနေပါတယ်။
အလှူအတန်းတွေရှိလို့ မီးခိုးတိတ်နေတာမျိုးမဟုတ်ဘဲ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် အိမ်မှာချက်ပြုတ်စားသောက်တာထက် ထမင်းဆိုင်ငယ်လေးတွေကနေ ဝယ်စားလိုက်တာက စျေးပိုသက်သာပြီး တွက်ခြေကိုက်နေတာကြောင့်ပါ။ မြန်မာလူမျိုးတွေဟာ ဟိုးအရင်ခေတ်တွေမှာ မိသားစုဘဝနွေးထွေးမှုနဲ့ ကုန်ကျစရိတ်သက်သာအောင် နေအိမ်မှာပဲချက်ပြုတ်စားသောက်တတ်ကြပေမဲ့လည်း အဆပေါင်းများစွာ မြင့်တက်လာတဲ့ကုန်စျေးနှုန်းကြောင့် ဝယ်စားရတာက ပိုသက်သာလို့ ရှင်သန်နေရမှုပုံစံပါ ပြောင်းလာရတာပါ။
သင်္ကန်းကျွန်းမြို့နယ် စီမံကိန်း ၈ ရပ်ကွက်က ရပ်ကွက်အတွင်း ထမင်းဆိုင်ငယ်လေးဖွင့်လှစ်ရောင်းချသူ ဒေါ်ခိုင်ခိုင်က “အန်တီ့ဆိုင်က ဆန်ကတော့ ရောချက်ရတာပေါ့။ ဒီနေ့ဆို အရုဏ်ဦးဆန်ဆိုင်က ဆန်သွားတိုးရတယ်။ ဧည့်မထ ၁၅ အိတ်ဖောက်ရောင်းတာတဲ့။ ကျပ်၂၅၀၀ နဲ့ ၂ ပြည် ရလာတယ်။ အဲ့ဒါကို ဆန်ကောင်းလေးတစ်ပြည်နဲ့ ရောချက်မယ်။ ကြက်သားတစ်ပွဲ ၁၂၀၀၊ ဝက်သားတစ်ပွဲ ၁၂၀၀ နဲ့ရောင်းတယ်။ ချဥ်ရည်ဟင်းတစ်ခွက် ၃၀၀ နဲ့ရောင်းပေးတယ်။ ဒါတောင်မစားနိုင်ကြပါဘူး။ ကျပ် ၇၀၀ ဖိုးနဲ့ ထမင်းကိစ္စပြီးအောင်စားကြတော့ ငပိရည်ဖျော်နဲ့ ချဥ်ရည်ဟင်းက ရောင်းရတယ်”လို့ ပြောပါတယ်။
သင်္ကန်းကျွန်းမြို့နယ် စီမံကိန်း ၈ ရပ်ကွက် ငမိုးရိပ်ချောင်းဘေးက ကျူးကျော်တဲတွေမှာ ငှားရမ်းနေထိုင်ကြတဲ့ မမိုးတို့ မိသားစုက ၆ ဦးရှိပါတယ်။ ကလေး လေးဦးနဲ့ သူတို့လင်ကိုယ်မယားနှစ်ဦး ကြုံရာအလုပ် လုပ်စားကြတာပါ။ ရပ်ကွက်ထဲ ဝက်မွေးတဲ့ အိမ်တွေအတွက် ဝက်စာလိုက်စုပေးတာကတော့ သူတို့ရဲ့ အဓိကအလုပ်လို့ ဆိုရမှာပါ။
“ရပ်ကွက်ထဲ အိမ်တွေက ထမင်းပေးဘာပေးလည်း ရှိတယ်။ ဘုန်းကြီးကျောင်းကနေ ထမင်းသွားတောင်းလို့လည်း ရတယ်။ ရပ်ကွက်ထဲက ထမင်းဆိုင်ကနေ ငရုပ်သီးစိမ်းငပိဖျော် ၂၀၀ ဖိုး၊ တို့စရာအစုံ ၃၀၀ ဖိုး၊ ဟင်းက အသားတစ်မျိုးမျိုး ၁၀၀၀ ဖိုးဆို အတုံးတော့ သေးပေမယ့် ၃ တုံး ၄ တုံး ရပါတယ်။ အဓိက ကလေးတွေ စားရဖို့ပဲ ကိုယ်တွေက ဟင်းအနှစ်လေး ငပိဖျော်လေး လူးစားရင် ရပါတယ်” လို့ မမိုးက သူတို့စားဝတ်နေရေး ဖြေရှင်းရပုံကို ပြောပြပါတယ်။
လက်လုပ်လက်စား မိသားစုတွေရဲ့ ဝင်ငွေက ကျပ် ၅၀၀၀၊ ၆၀၀၀ အပြင် တိုးတက်ရှာဖွေဖို့ ခက်ခဲကြတာကို တွေ့မြင်ခဲ့ရပြီး ကျူးကျော်ထဲက သူများဦးထားပြီသားအိမ်နေရာကို ထပ်မံပြီးငှားရမ်းနေထိုင်ကြရပါတယ်။ အဲ့ဒီအိမ်လခက တစ်လကို ၄၀၀၀၀ ကျပ်ကနေ ၆၀၀၀၀ လောက်အထိ ပေးကြရတယ်။ အိမ်ကတော့ နေဖြစ်ရုံလောက်သာ အဆင်ပြေပြီး အမိုးအကာလည်း အစုံလင်ပါဘူး။ အခြေခံလူတန်းစားတွေ အဓိကစားဝတ်နေရေး သုံးမျိုးစလုံး အဆင်ပြေအောင် မရုန်းကန်နိုင်ကြတဲ့အခါ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးအပါအဝင် စိတ်ပျော်ရွှင်ကျန်းမာရေး စတဲ့ ဘက်ပေါင်းစုံကနေ ထိခိုက်ကျဆင်းနေရတဲ့ အခြေအနေပါ ။
မမိုးရဲ့ လင်ယောကျာ်းကိုကြည်က”လွန်ခဲ့တဲ့ လေးငါးနှစ်ကထက် အခြေအနေ ပိုဆိုးတာတော့ အမှန်ပဲ။ ကျန်းမာရေးလည်းမကောင်းတော့ ပိုဆိုးပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပေမယ့် ကျွန်တော်တို့ သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေတာပါ။ မိဘတွေလည်းရွာမှာ အဆင်မပြေဘူး။ မကြည့်နိုင်ပါဘူး”လို့ စိတ်မကောင်း ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။
ဆန်၊ ဆီ၊ ငါးပိငါးခြောက်ကအစ တို့စရာအဆုံး ဟင်းခတ်အမွှေးအကြိုင် အားလုံးသော မီးဖိုချောင်သုံးပစ္စည်းတွေဟာ ဒီသုံးနှစ်အတွင်းမှာ အမြင့်ဆုံး ၁၅၀ ရာခိုင်နှုန်းလောက်အထိ စျေးတက်လာတာပါ။ ဒီလိုစျေးတက်လာတဲ့ အခြေအနေမျိုးမှာ ဟင်းတစ်ခွက်ဖြစ်ဖို့ထည့်ရတဲ့ အဆာပလာကလည်း အသားစရိတ်လောက်ဖြစ်လာချိန်မှာ အခြေခံလူတန်းစားတွေအဖို့တော့ မီးဖိုချောင်နဲ့ ဝေးသထက်ဝေးလာသလို ဒီလိုအခြေအနေဆိုးတွေကလည်း နောက်ထပ်ဘယ်လောက်ကြာကြာဖြတ်သန်းရမယ်ဆိုတာတော့ ဘယ်သူမှမသိနိုင်ကြသေးပါဘူး။