၂၁.၉.၂၀၂၃
Written By Thandar
သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှုကို ထပ်မံရရှိလာတဲ့ သရုပ်ဆောင် ဒေါင်းဝေကတော့ “ဤမြေကိုသက်သေတည်၍ ”ဇာတ်လမ်းတွဲမှာ ဒုတိယမင်းသားနေရာက ရိုက်ထားတဲ့ဇာတ်လမ်းတွဲမို့ တာဝန်လည်းကြီးပါတယ်လို့ MTNews Entertainment ကို ဖွင့်ဟလာပါတယ်။
“ကျွန်တော်က ဒီကားမှာ ဒုတိယမင်းသားနေရာက ရိုက်ထားတဲ့ ဇာတ်လမ်းတွဲမို့ တာဝန်လည်းကြီးပါတယ်။ ဇာတ်ကားတိုင်းမှာ Actor တိုင်းကတော့ အရေးပါကြတာပဲလေ။ အဝတ်အစားပိုင်းမှာ ပိုဂရုစိုက်ရတယ်။ တကယ့်တကယ် အကယ်ဒမီ မင်းသားနဲ့အတူ အပြိုင်သရုပ်ဆောင်ရတာမို့ ပိုပြီးအိုက်တင်ပိုင်းတွေ သတိထားရတယ်။ ကိုထွန်းက အိုက်တင်တွေ ကောင်းပြီးသားလေ သူ့ကို အမီလိုက်ဖို့က ကျွန်တော်တို့အတွက် မလွယ်ဘူးလေ။ ဒီဇာတ်လမ်းတွဲက ကိုယ့်အတွက်လည်း အမှတ် တရတွေ ဖြစ်ရပါတယ်” လို့ သရုပ်ဆောင် ဒေါင်းဝေက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ဇာတ်လမ်း အကယ်ဒမီ ငြိမ်းမင်း၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော် ရေးသားထားပြီး ဒါရိုက်တာညီညီငြိမ်းမင်းက သရုပ်ဆောင် အကယ်ဒမီထွန်းထွန်း၊ မေမီကိုကို၊ ဒေါင်းဝေ၊ ဆုပန်မေ စတဲ့အနုပညာရှင်တွေနဲ့ မန္တလေးမြို့နဲ့ ကျောက်ဆည်ဘက်မှာ ရိုက်ကူးပုံဖော်ထားကြပါတယ်။
“ကျွန်တော်တို့က နေမျိုး၊ ပေတိုးနဲ့ ရွှေအိုးဆိုတဲ့ မောင်နှမသုံးယောက်ရှိတယ်။ ကျေးလက်နေတောင်သူလယ်သမားတွေရဲ့ ဘဝအကြောင်းကို အခြေခံထားတဲ့ ဇာတ်ကားလေးပါ။ ကျွန်တော်က မြို့မှာနေချင်တဲ့ နေမျိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ကျေးလက်တစ်ဝက်ပါမယ်။ မြို့ဘက်က အကြောင်းလေးတွေ တစ်ဝက်ပါမယ်။ ထူးခြားချက်ကတော့ ကျောက်ဆည်ဘက် လယ်တွေမှာ သွားရိုက်ကူးထားပါတယ်။ နွေခေါင်ခေါင် နေပူထဲရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါ”လို့ သူက ဆက်ပြောပါတယ်။
“ဤမြေကိုသက်သေတည်၍”ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာ ၂၃ ရက်မှာ စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီမှာ Channel K ရုပ်သံလိုင်းက ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။