၂၁.၉.၂၀၂၃
Written By Thandar
မပွတ်ကျွတ်နာမည်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးအနားမှာပြုစုနေတယ်လို့ ဆိုပါတယ်။
“မင်္ဂလာပါရှင်။ Facebook မသုံးဖြစ်တာ ၁ နှစ်ခွဲလောက် ကာလအတွင်း အလှပုံတွေလည်း မတင်ဖြစ်သလို အနုပညာ အလုပ်တွေလည်း မလုပ်ဖြစ်တော့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်သလိုဖြစ်သွားပါတယ်။ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ ဖခင်ကြီးနားမှာပဲနေပြီး ပြုစုနေတာ၂ နှစ်နီးပါးရှိပါပြီ။ တဖြည်းဖြည်းနဲ့ အခုချိန်မှာတော့ အိပ်ရာပေါ်မှာဘဲ အကူမပါရင် မထနိုင်တော့သလို အစားအသောက်လည်း ခွံ့ကျွေးမှစားနိုင်ပါတော့တယ်”လို့ ခိုင်သင်းကြည်က ပရိသတ်တွေသိအောင် ပြောလာပါတယ်။
သူမက ဖခင်ဖြစ်သူ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားသလို လူမှုကွန်ရက်စာမျက်နှာကို မသုံးဖြစ်ခဲ့တာလို့ဆိုပါတယ်။ ဖခင်ဖြစ်သူကို မိသားစုလိုက် သေချာအချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာမို့ ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကိုလည်း အချိန်အကြာကြီးမပေးနိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“Nurse တွေရှိပေမဲ့လည်း အဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာ ကိုယ်တိုင်အနားမှာနေပြီး ပြုစုပေးချင်တာကြောင့် ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေလို အချိန်အကြာကြီးပေးရတဲ့အလုပ်တွေ လုံးဝမလုပ်နိုင်တော့တာပါနော်။ အားလုံးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင့်”လို့ သူမက ဆက်ပြောပါတယ်။