◾ ဇနီးနှင့်ပူးပေါင်းပြီး သမီးဖြစ်သူကို သတ်ဖြတ်၍ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးချိန်တွင် ယင်းမှာ ယခင်ကလည်း ဇနီးသုံးဦးရှိခဲ့ပြီး ထိုဇနီးများမှ တစ်ဦးကမွေးဖွားသည့် သားလေးဦးကိုပါ သတ်ဖြတ်ခဲ့ဟု ဖြောင့်ချက်ပေး
၂၁.၉.၂၀၂၃.
Translated by Htwe Ko Tun
ဇနီးဖြစ်သူနှင့်အတူ ပူးပေါင်း၍ နှစ်နှစ်အရွယ်သမီးငယ်ဖြစ်သူအား သတ်ခဲ့မှုဖြင့် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထားသူတစ်ဦးက ၎င်းမှာ ယခင်က ဇနီးသုံးဦးအနက် တစ်ဦးကမွေးခဲ့သော သားဖြစ်သူလေးဦးကိုလည်း သတ်ခဲ့မိကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
စိတ်ဝေဒနာခံစားနေရသည်ဆိုသော အသက် ၄၆ နှစ်ရှိ ဆုံဆက် ဆုံဆိုင်နှင့် ဇနီးဖြစ်သည့် အသက် ၄၀ အရွယ် ကမ်ဖန်ဖက်ပြည်နယ်မှ ဆူနန် နာဟွာနင်တို့ကို ပါသွမ်သာနီပြည်နယ်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆူနန် နာဟွာနင်က ရဲတပ်ဖွဲ့အား နှစ်နှစ်အရွယ်သမီးငယ်ကိုသတ်ဖြတ်ပြီးနောက် မြှုပ်ထားခဲ့သည့်နေရာကို လိုက်လံပြသခဲ့သည်။ ကလေးငယ်၏အလောင်းကို ကမ်ဖန်ဖက်ပြည်နယ်အတွင်း ဆူနန်၏မိခင်ဖြစ်သူအိမ်၌ ကွန်ကရစ်တုံးများအောက်တွင် မြှုပ်နှံထားသည်ကို တွေ့ကြရသည်။
ထို့နောက်တွင်မူ လူသတ်သမားဖခင်ဆုံဆက်က ဤသမီးငယ်ကိုသာမက ယခင်ဇနီးများအနက် တစ်ဦးက မွေးဖွားခဲ့သည့် သားလေးဦးကိုလည်း ၎င်းအနေဖြင့်သတ်ခဲ့မိကြောင်း ဝန်ခံမှုပြုခဲ့သည်။ ရဲစခန်းတွင် စစ်မေးခဲ့ရာ၌ မျက်ရည်လည်ရွဲဖြစ်နေသော ဆုံဆက် ဆုံဆိုင်က စိတ်ဝေဒနာခံစားနေရမှုကြောင့် ၎င်းမှာ ဤလူသတ်မှုများကိုကျူးလွန်မိခဲ့ပါကြောင်း ပြောခဲ့သည်။ ၎င်းက လူသတ်မှုများအတွက် ၎င်းတွင် အပြစ်ရှိပါကြောင်းနှင့် ကျုးလွန်မိခဲ့သမျှအတွက် တောင်းပန်ပါကြောင်း ပြောခဲ့သည်။
ရဲတိုင်းအမှတ်(၂) ၏ အကြီးအကဲ ရဲမှူးချုပ် အက်တာဖိုလ် အနျူဆစ်က ဆုံဆက်တို့မိသားစုမှာ မကြာခဏဆိုသလိုပင် အော် ကြီးဟစ်ကျယ် ရန်ဖြစ်လေ့ရှိတတ်သည်ဟု မျက်မြင်တွေ့ရှိသူများကပြောကြသည်ဟုလည်း ဆိုခဲ့သည်။
ဖခင်ဖြစ်သူက အသက်လေးနှစ်နှင့် ၁၂ နှစ်အရွယ်သမီးနှစ်ဦးကို အနိုင်ကျင့်နှိပ်စက်နေသည်ဟု အင်တာနက်သုံးသူများကပြောကြကြောင်း လူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့က ဘန်ခန်ခရိုင်အတွင်းရှိ ဆုံဆက်တို့၏အိမ်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ရောက်လာချိန်တွင် မိန်းကလေးငယ်များ၏မိဘများဖြစ်သော ဆုံဆက်တို့လင်မယားကို မတွေ့ခဲ့ရပေ။ ၎င်းတို့တွင် ကလေးသုံးဦးရှိသည့်အနက် အငယ်ဆုံးကလေးကိုလည်း မတွေ့ခဲ့ရပေ။ အိမ်နီးနားချင်းများက ကလေးငယ်အား အခြားပြည်နယ်တစ်ခုရှိ အဖိုးဖြစ်သူနှင့်အတူနေရန် သွားပို့မည်ဟုပြောခဲ့ကြကြောင်း ရဲတပ်ဖွဲ့ထံပြောခဲ့သည်။
သို့သော် ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့သည့် မိန်းကလေးငယ်နှစ်ဦးက ၎င်းတို့၏ နှစ်နှစ်သားအရွယ် အငယ်ဆုံးညီမလေးမှာ မိဘများ၏ နှိပ်စက်မှုကြောင့် သေဆုံးခဲ့ကြောင်း ပြောခဲ့ကြသည်။
ထို့နောက်တွင်မူ ရဲတပ်ဖွဲ့က ဆုံဆက်တို့လင်မယားကို ပါသွမ်သာနီပြည်နယ်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးကပင် ကလေးငယ်အားသတ်ခဲ့ကြောင်း ရဲတပ်ဖွ့ထံ ဝန်ခံခဲ့ကြသည်။
ဆုံဆက်က ၎င်းအိမ်ထောင်ပြုခဲ့သည့်အမျိုးသမီးလေးဦးနှင့် ရင်သွေး ၁၀ ဦးထိ ရခဲ့ကြောင်း သိရသည်။ ပထမဇနီးနှင့် ဒုတိယဇနီးတို့နှင့် ရင်သွေးတစ်ဦးစီရခဲ့ပြီး တတိယဇနီးနှင့် ရင်သွေးငါးဦး၊ လက်ရှိဇနီးဖြစ်သူ ဆူနန် နာဟွာနင်နှင့် သုံးဦးတို့ဖြစ်ကြောင်း သိရသည်။ ၎င်းက တတိယဇနီးနှင့်မွေးဖွားခဲ့သော ရင်သွေးများအနက် လေးဦးကို ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် သတ်ခဲ့သေးကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref—–Bangkok Post