၂၁. ၉. ၂၀၂၃
Written by Nay Moe
ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သတ်ဖြတ်မှုအပါအဝင် မကြုံဖူး၊ မကြားဖူးတဲ့ သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတယ်လို့ USDP ဥက္ကဋ္ဌ ဦးခင်ရီက ပြောလိုက်ပါတယ်။
ဒီပြောကြားမှုကိုတော့ စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမမှာ လှိုင်သာယာ (အရှေ့/အနာက်)၊ အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံမြို့နယ်တွေက မသန်စွမ်းတွေ၊ လူမှုကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေအပါအဝင် ၁၀၃၆ ဦးကို တစ်ဦး ဆန်(၃)ပြည်၊ ဆီ(၃၀)ကျပ်သားနှုန်းနဲ့ လှူဒါန်းခဲ့တဲ့ အခမ်းအနားမှာပြောခဲ့တာပါ။
“နိုင်ငံမှာ မကြားဖူး မတွေ့ဖူးတဲ့ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ ကလေးသူငယ်သတ်တာတွေ၊ အမျိုးသမီးငယ်တွေ တချို့ဆိုရင် ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်လောင်းတွေ ဒီလိုပုဂ္ဂိုလ်တွေ သတ်တယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ကျွန်တော်တို့လူမျိုးတွေ ဒီလောက်မရိုင်းဘူးလို့ ကျွန်တော်ထင်တယ်။ မကြားဖူးသလောက်ပါပဲ။ Facebook ဖတ်လို့ကတော့ အမှားတွေ တွေ့မှာပေါ့။ တကယ့်မြေပြင်မှာတော့ ဒီလိုတွေလုပ်နေတယ်။ အောက်ခြေမှာ ဒီလိုအခြေအနေတွေဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ နိုင်ငံတော်အစိုးရက ဖြေရှင်းပေးနေသလို တစ်ဖက်မှာလည်း နိုင်ငံသားတွေဘက်က တတ်နိုင်သလောက်ဝင်ကူတဲ့သဘောဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးခင်ရီက ပြောသည်။
လက်ရှိမြန်မာနိုင်ငံမှာ NLD, NUG နဲ့ PDF အဖွဲ့တွေရဲ့ နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက သံဃာတော်တွေ၊ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံဝန်ထမ်းတွေနဲ့ ရပ်ကျေးဝန်ထမ်းတွေအပြင် NLD ပါတီဝင်မဟုတ်တဲ့ တခြားသော ပါတီဝင်တွေအပါအဝင် ပြည်သူ ၆၃၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံထားရတာပါ။ ဒီအထဲမှာ သတ်ဖြတ်ခံရမှုအများဆုံးက USDP ပါတီဝင်တွေဖြစ်သလို ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို Monywa Force PDF အဖွဲ့က ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်မှုဖြစ်ခဲ့ပြီး ဒီလို ကိုယ်ဝန်သည်မရှောင်လုယက်သတ်ဖြတ်တဲ့ PDF တွေကို မုံရွာပကဖက အဖမ်းပြခဲ့ပေမဲ့ တကယ်အရေးယူမယူဆိုတာ ဆက်လက်ထုတ်ပြန်မှုမရှိတော့ပါဘူး။ ဒီလိုတိုက်ခိုက်သတ်ဖြတ်နေတဲ့ NLD, NUG, PDF တွေဟာ အလုံးစုံပျက်သုဥ်းရေးမူနဲ့လည်း တိုက်ခိုက်ဖျက်ဆီးနေကြလို့ ပြည်သူကြားမှာ အဆင်မပြေမှု၊ ကျပ် တည်းမှုတွေလည်းကြုံနေရတာပါ။ ဒါတွေကြောင့်လည်း USDP ပါတီက နိုင်သလောက်ကူညီတဲ့အနေနဲ့ ကျပ်တည်းနေတဲ့ပြည်သူတွေကို ကူညီထောက်ပံ့တာလို့လည်း ဦးခင်ရီက ပြောပါတယ်။
“ဒါဟာ ရန်ကုန်တိုင်းအတွင်း တတိယအကြိမ် လှူဒါန်းမှုလို့ဆိုရမှာပါ။ ပထမအကြိမ်က (၂၆-၈-၂၀၂၃) နေ့ ဖောင်ကြီးမှာ မသန်စွမ်း (၂၆၈) ဦးကို တစ်ဦးဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သားနှုန်း လှူဒါန်းခဲ့ပြီး၊ ဒုတိယအကြိမ် (၃-၉-၂၀၂၃)နေ့ မှော်ဘီ၊ ဝါးနက်ချောင်းရွာမှာ (၂၃၁) ဦးကို ဆန်(၃)ပြည်၊ ဆီ (၂၅) ကျပ်သားနှုန်း လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ လောက်ငှပြည့်စုံတဲ့ကူညီမှုလို့ မဆိုနိုင်ပေမဲ့ အကူအညီလိုအပ်မဲ့ ညီအစ်ကိုမောင်နှမတွေ စားသောက်ရေးအဆင်ပြေစေဖို့ ကွက်လပ်ငယ်တစ်ခုကို တတ်စွမ်းသမျှ ဝင်ရောက်ဖြည့်ဆည်းပေးတယ်လို့ ဆိုရမှာပါခင်ဗျာ။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်း မသန်သော်လည်း စွမ်းကြတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ၅ ဒသမ ၉ သန်းခန့်ရှိပြီး ရန်ကုန်တိုင်းတစ်ခုတည်းမှာပဲ လူဦးရေရဲ့ ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ဦးရေအရဆိုရင် ၈၉၆,၂၄၂ ဦး ရှိတယ်လို့ လေ့လာရရှိပါတယ်။ နိုင်ငံတော်ဟာ (၂၀၂၂ – ၂၀၂၇) ကာလ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းကို ရေးဆွဲထားရှိပြီး နေပြည်တော်၊ ရန်ကုန် တိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်(တောင်ပိုင်း)စတဲ့ နယ်မြေ(၄)ခုရဲ့ မြို့နယ်အချို့မှာ ကနဦးစီမံကိန်းအဖြစ် ပညာရေး၊ ကျန်း မာရေး၊ အလုပ်အကိုင်၊ သဘာဝဘေးနဲ့ အခြားအရေးပေါ်အခြေအနေများ၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်ဖို့စတဲ့ ဦးစားပေးကဏ္ဍ(၆)ခုကို အကောင်အထည်ဖော် နေပါတယ်။ ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာက တတ်စွမ်းသမျှ ပါဝင်ဖို့ တာဝန်ရှိတယ်လို့ အလေးအနက်ခံယူမိပါတယ်” လို့ ဦးခင်ရီက ဆက်ပြောပါတယ်။