၂၁. ၉. ၂၀၂၃
Written by Nyein Kyaw
မြန်မာ့ခရီးသွားလုပ်ငန်းများ ယခု ၂၀၂၃ ခုနှစ်တွင် ပြန်လည်တိုးတက်လာပြီဖြစ်သော်လည်း ယခင်ပုံမှန်အခြေအနေသို့ မရောက်ရှိနိုင်သေးဘဲ ၂၀၂၅ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ အခြေအနေ၏ ၅၀ ရာခိုင်နှုန်းခန့်အထိသာ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ခန့်မှန်းချက်အရ သိရသည်။
“ဒီ ၂၀၂၃ ခုနှစ်မှာ စပြီး အားယူလာပြီဆိုရင် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေလောက်ပေါ့။ ပြန်ပြီးတော့ လည်ပတ်လို့ရနိုင်ပါတယ်။ ကျွန်တော်တို့ ခန့်မှန်းချက်ကတော့ ၂၀၂၅ လောက်ဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းက မူလရဲ့တစ်ဝက်လောက်အထိ ပြန်လည် လည်ပတ်ဖို့အထိ မျှော်လင့်ထားပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
၂၀၂၅ ခုနှစ်တွင် ယခင်ပုံမှန်အခြေအနေ၏ ၅၀ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိရန်မှာလည်း ယခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် မူဝါဒပိုင်းဆိုင်ရာများနှင့် အချို့သောကန့်သတ်ချက်များကို ဖြေလျှော့ပေးနိုင်မှသာ ၂၀၂၄ ခုနှစ်တွင် ယခင်ပုံမှန်အခြေအနေ၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သို့လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းသို့လည်းကောင်း နှစ်အလိုက်တစ်ဆင့်ချင်း ပြန်လည်မြင့်တက်လာနိုင်မည်ဖြစ်သည်။
“၂၀၂၄ မှာတော့ အနည်းဆုံး အရင်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ သုံးပုံတစ်ပုံလောက် ပြန်လည်ပတ်ဖို့ ၂၀၂၄ ကို မျှော်လင့်ထားတယ်။ ဒီလိုမျှော်လင့်ထားတာတွေက ဒီ ၂၀၂၃ ခုနှစ် ပွင့်လင်းရာသီမတိုင်ခင်မှာ မူဝါဒပိုင်းမှာ ဖြေလျှော့မှုတွေ၊ အားပေးကူညီမှုတွေပေါ့။ ဒါတွေကတော့ အများကြီးလိုအပ်ပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြော သည်။
လက်ရှိတွင် ပြည်ပခရီးသွားဧည့်သည်များ၏ ပြည်တွင်းခရီးစဉ်အချို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တစ်ပတ်ကြိုတင် ခွင့်ပြုချက်တောင်းခံနေရပြီး ပြည်ပခရီးသွားများအတွက် ရွေးချယ်စရာနေရာ နည်းပါးကာ ကန့်သတ်ချက်များသော ခရီးစဉ်ဒေသများသို့ ခရီးသွားဝင်ရောက်မှု လျော့ကျလာကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်ခရီးသွားရာသီ (ပွင့်လင်းရာသီ) မရောက်မီ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပါဝင်ပြီး ခရီးသွားကဏ္ဍအတွက် လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် ခရီးသွားဖိုရမ်ကို လာမည့် အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
“မကြာခင်အတွင်းမှာ ခရီးသွားဖိုရမ်ကြီးကို ကျင်းပဖို့ရှိပါတယ်။ အဲဒီအခါကျရင် သက်ဆိုင်ရာမူဝါဒပိုင်းတွေမှာ ဆုံးဖြတ်ပေးနိုင်မယ့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဝင်ရောက်ပြီး ဖြေရှင်းပေးမယ်။ ဒီလိုဖြေရှင်းပေးရင် အခုအခက်အခဲတွေ ပြေလည်သွားမှာပေါ့” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက မြန်မာနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား သုံးသန်းကျော် ဝင်ရောက်မှုရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာသည့်အချိန်တွင် ယခင်ဝင်ရောက်ခဲ့မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။