၂၁. ၉. ၂၀၂၃
Written by Nay Aung
တရုတ် Zhanjiang ဒေသရှိ ကမ်းလွန်ရေနံကော်ပိုရေးရှင်း CNOOC အဖွဲ့ဝင်များသည် ပင်လယ်ပြင်တွင် ၂ ရက်ကျော်ကြာ မျောပါနေသည့် မြန်မာနိုင်ငံသားသင်္ဘောသားများပါဝင်သည့်သင်္ဘောကို အောင်မြင်စွာကယ်တင်ပေးနိုင်ခဲ့ကြောင်း တရုတ်အခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀ လိုက်ပါလာသော သင်္ဘောသည် ပင်လယ်ပြင်တွင် ထိန်းချုပ်မရဘဲ မျောပါနေခြင်းဖြစ်ပြီး နာရီပေါင်း ၅၀ ကြာ မျောပါနေခြင်းဖြစ်ကြောင်း သိရသည်။
“GRIFFIN” 30 အမည်ရှိသင်္ဘောသည် စက်တင်ဘာ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှထွက်ခွာခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် သင်္ဘောအင်ဂျင်သည် ကောင်းမွန်စွာအလုပ်မလုပ်သည့်အတွက် ပင်လယ်ပြင်တွင် ထိန်းချုပ်၍မရဘဲ မျောပါနေခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဘောသည် တရုတ်နိုင်ငံ Wenchang ရေပိုင်နက်အတွင်းသို့မဝင်ရောက်ခင် မျောပါနေခြင်းဖြစ်ကာ သင်္ဘော၏ အခြေ အနေက မြန်မာနိုင်ငံသားများအပါအဝင် သင်္ဘောသားအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခဲ့ကြောင်း သိရသည်။ အဆိုပါသင်္ဘောပေါ်တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၉ ဦး၊ အိန္ဒိယသင်္ဘောသား ၈ ဦး၊ အင်ဒိုနီးရှားသင်္ဘောသား ၁ ဦး၊ ဂါနာသင်္ဘောသား ၂ ဦးတို့ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
CNOOC အဖွဲ့ ၏ မန်နေဂျာတစ်ဦးဖြစ်သူ Wang Weitao က “သင်္ဘောပျက်သွားပြီး အခက်အခဲဖြစ်နေလို့ ကူညီကယ်တင်ပေးဖို့ တောင်းခံမှုကို လက်ခံရရှိခဲ့ပြီးနောက် ကျွန်တော်တို့ဟာ Guangdong ဒေသ ရေကြောင်းရှာဖွေကယ်ဆယ်ရေးစင်တာကို ထပ်မံတင်ပြပြီး ပင်လယ်ထဲမျောနေတဲ့သင်္ဘောကို ရှာဖွေဖို့ ကြိုးပမ်းခဲ့တာပါ။ အဲဒီအချိန်မှာ ပင်လယ်ပြင်မှာ လှိုင်းကြမ်းလွန်းနေတဲ့အခြေနေမျိုးပါ။ ကျွန်တော်တို့ဟာ သင်္ဘောကို အခက်အခဲများကြားကနေ ကယ်တင်ပေးခဲ့ရတာပါ။ စက်တင်ဘာ ၁၆ ရက်နေ့ညပိုင်းမှာ ပင်လယ်ထဲမျောနေတဲ့သင်္ဘောကို တွေ့မြင်ခဲ့တယ်။ အဲဒီအချိန်က မှောင်နေပြီး ပင်လယ်ပြင်မှာလည်း လှိုင်းကြီးလေကြမ်းနေခဲ့တယ်။ အဲဒီသင်္ဘောနားကပ်ဖို့ အခက်အခဲတွေရှိနေခဲ့တယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ ”တရုတ် China Petroleum Hainan 281 သင်္ဘောဟာ ပင်လယ်ထဲမျောနေတဲ့သင်္ဘောကိုဆွဲယူပြီး ဟိုင်နန်ကျွန်းရှိ Qinglan ဆိပ်ကမ်းမှာ ကျောက်ချနိုင်အောင် ကူညီပေးခဲ့တယ်” ဟုပြောသည်။
Ref; xinhua english