၂၁. ၉. ၂၀၂၃
Written by Ye Kyaw
အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း စစ်တွေဆိပ်ကမ်းအသစ်၌ ပြည် တွင်းကမ်းရိုးတမ်းသင်္ဘောများ စတင်ဆိုက်ကပ်နိုင်ပြီဖြစ်၍ ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ဒီအိန္ဒိယ-မြန်မာဆိပ်ကမ်းက ပြည်ပပို့ကုန်/သွင်းကုန်အတွက် ရည်ရွယ်ပြီးလုပ်ထားတာဖြစ်ပါတယ်။ လက်တလောအခြေ အနေကတော့ ပြည်ပသင်္ဘောတွေ ဆိုက်ကပ်မှုမရှိသေးတဲ့ အချိန်မှာတော့ ပြည်တွင်းကမ်းရိုးတမ်းပေါ့။ ရန်ကုန်ကနေထွက်လာတဲ့ သင်္ဘောတွေ ဆိုက်ကပ်ခွင့်ရအောင် တောင်းဆိုခဲ့တာပါ။ ဒါက ပြည်ပပို့ကုန်/သွင်းကုန်အတွက် ဆောက်ထားတာဆိုတော့ ကောက်ခံတဲ့နှုန်းထားတွေက နည်းနည်းလေးမြင့်နေတာလေးတွေရှိတော့ တော်တော်လေးညှိနှိုင်းခဲ့ရပါတယ်။ အခုဆိုက်ကပ်တာကတော့ ပထမဆုံးပါပဲ” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
စစ်တွေဆိပ်ကမ်းအသစ်သည် ပြည်ပပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်၍ အခြားသော ပြည်တွင်းဆိပ်ကမ်းများထက် ဆိပ်ကမ်းအသုံးပြုမှုစရိတ်များ အနည်းငယ်ပိုများသည်။ သို့သော် လက်ရှိတွင် အသက်သာဆုံး ဆိပ်ကမ်းကောက်ခံမှုနှုန်းထားများဖြင့် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကုန်ကျစရိတ် အသေးစိတ်တွေကတော့ သူတို့မှာရှိပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဆိပ်ကမ်းမှာ ကုန်စည်ချတာက နှစ်ပတ်လောက်ကြာတယ်ဆိုရင် ဒီဆိပ်ကမ်းမှာက လေးရက်၊ ငါးရက်လောက်နဲ့ ပြီးသွားမှာပေါ့။ ဆိပ်ကမ်းမှာက Facility တော်တော်စုံတယ်။ ကရိန်းကအစပေါ့။ ဒါတွေကို သုံးရင်တော့ သုံးတဲ့ကုန်ကျစရိတ်ကတော့ ထပ်တက်လာမှာပေါ့။ သူတို့တင်ပြလာတဲ့ လုပ်ငန်းစဉ်ပေါ်မှာမူတည်ပြီး ကုန်ကျစရိတ်ကလည်း အပြောင်းအလဲရှိလာမှာပေါ့” ဦးတင်အောင်ဦးက ပြော သည်။
အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံက ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။ ပြီးခဲ့သည့် မေလ ၄ ရက်တွင် အိန္ဒိယကုန်တင်သင်္ဘော စတင်ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။