လက်ရှိတွင် လူ ၂၉၇ ဦးအား ဘေးလွတ်ရာရွှေ့ပြောင်းထားရ
၂၁. ၉. ၂၀၂၃
တွံတေးတူးမြောင်း ကမ်းပါးပြိုကျပြီး နေအိမ် ၆ လုံးနှင့်အမျိုးသမီးနှစ်ဦးရေထဲမျောပါသွားရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် လက်ရှိတွင် လူ ၂၉၇ ဦးအား ဘေးလွတ်ရာရွှေ့ပြောင်းထားရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ညနေစောင်း ၅ နာရီ ၂၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီး နေအိမ် ၆ လုံး မျောပါသွားကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်နှင့်အတူ အမျိုးသမီးနှစ်ဦးမျောပါသွားသဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိခဲသဖြင့် ဒလဆေးရုံသို့ ပို့ဆောင်စဉ်(သေဆုံး)ခဲ့ပြီး အမျိုးသမီးတစ်ဦးမှာမူ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် မျောပါသွားသည့် နေအိမ်များနှင့် အနီးဝန်းကျင်ရှိ နေအိမ် ၈၀ ခန့်မှ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာ တာကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရသည်။
“ကမ်းပါးတွေပြိုပြီး အိမ်တွေပါတော့မယ်ဆိုကတည်းက မြစ်ထဲမှာ ငှက်(သမ္ဗန်) တွေနဲ့ ကူညီကယ်ဆယ်ခဲ့ကြတာ။ ဒါပေမဲ့ ရေစီးထဲမှာ ကမ်းပါးပြိုတာနဲ့ အိမ်တွေအလုံးလိုက်ပါတာကြောင့် အမျိုးသမီးနှစ်ဦးပါသွားတာကို ဝိုင်းပြီး အချိန်မီဆယ်ပေမဲ့ အသက် ၄၀ ကျော် အမျိုးသမီးတစ်ယောက်ကတော့ ရေမွန်းတာရော၊ ထိခိုက်ဒဏ်ရာတချို့ရသွားတာရောကြောင့် ဆေးရုံပို့ချိန်မှာပဲ ကွယ်လွန်သွားတာ”ဟု အဆိုပါဖြစ်စဥ်တွင် ကူညီခဲ့သည့်ပရဟိတအဖွဲ့ဝင်တစ်ဦးက MT News သတင်းဌာနသို့ပြောသည်။
ထို့အတူ ည ၁၀ နာရီ ၂၀ အချိန်တွင် စုစုပေါင်း အိမ်ထောင်စု ၉၄ စုမှ အိမ်ထောင်စု ၆၈ စုရှိ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၅၉ ဦး စုစုပေါင်း ၂၉၇ ဦးတို့အား ရေဘေးလွတ်ရာ တာကြီးရပ်ကွက်ရှိ ပုညာရာမဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ရသည်ဟု သိရသည်။