MT News
၂၀.၉. ၂၀၂၃
ချင်းမြစ်တွင်းအတွင်း ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရေယာဉ် ၁ စီး မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာအနီး နစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဥ်တွင် လူ ၆ ဦးသာကယ်ဆယ်နိုင်ကာ လူရာချီပျောက်ဆုံးနေသည်ဆိုသောသတင်းများထွက်ပေါ်နေသော်လည်း ပျောက်ဆုံးသူအရေအတွက်မှာ ၁၂ ဦးသာဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှ ကုန်ပစ္စည်းများ တင်ဆောင်၍ ချင်းတွင်း မြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် ရေယာဉ်များအနက် ကြယ်မင်း(၄)ရေယာဉ်သည် စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာ အနီးသို့အရောက်၌ ရေဝဲအတွင်းသို့ ရောက်ရှိကာ နစ်မြှုပ်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါရေယာဉ်နစ်မြှုပ်တိမ်းမှောက်မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၃ ဦးနှင့် အရပ်သူ အရပ်သား ၆ ဦး၊ လုံခြုံရေးလိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ မျှောပါ ပျောက်ဆုံးခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။