MT News
Written by Naing Thuta
ဟားခါးမြို့တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ကွန်ကရစ်လမ်း အောက်ခံမြေသား ပြိုကျ၍ လူနေအိမ်တစ်လုံးပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဟားခါးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးလွင် ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကွန်ကရစ်လမ်းအောက်ခံမြေသားများပြိုကျ၍ ဟားခါးမြို့၊ ဟားခါးထာရ်(၂) ရပ်ကွက်တွင်ရှိသော နေအိမ်တစ်လုံးအား ထပ်မံဖြိုဖျက်ပြီး ပြောင်းရွေ့ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာသို့ ဟားခါးခရိုင်/မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးသတ်ယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီးတို့ဖြင့် ဟားခါးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုံခြံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း၍ သွားရောက်ကြည့်ရှုပြီး ပြိုကျနေသည့်အိမ်အတွင်းရှိ ပစ္စည်းများ ပြောင်းရွှေပေးခြင်း၊ ပြိုကျနေသည့်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် မြေပြိုမှုထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးလမ်းကြောင်းရှင်းလင်းခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူဖြစ်စဉ်မျိုး ယမန်နေ့ကလည်း ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ပြည်နယ်လွှတ်တော်ရုံးအရှေ့ဘက်အကြား၊ ထက်လွေကွန်ကရစ်လမ်း မြေအောက်ခံမြေသားများပြိုကျ၍ အိမ်ရှင် ဦးရပ်အဲ၏ နေအိမ်တစ်လုံးပြောင်းရွေ့ပေးခဲ့ရကြောင်း သိရသည်။