၂၀. ၉. ၂၀၂၃
Written by Tha Doe
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုဖြင့် စက်တင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း SAC က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ကော်မတီဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအား ဆက်လက်တာဝန်ပေးခဲ့ပြီး စီမံဘဏ္ဍာ ဝန်ကြီး ဦးဝင်းရှိန်၊ SAC ဥက္ကဋ္ဌအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ စီးပွားကူးသန်းဝန်ကြီးဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိပြင်ဆင်ဖွဲ့စည်းမှုတွင် ဥက္ကဋ္ဌနေရာဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုသာ အစားထိုးခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများ စသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့အတူ နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့ သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွား ရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ ချေးငွေနှင့် အတိုးများပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများ ပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည့် ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊ နိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေလည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်းတို့ကို ဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။