October 19, 2024

၁၉. ၉. ၂၀၂၃
Written by Nay Aung

တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို နည်းပညာများ မျှဝေပေးစေလိုကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် ပြီးခဲ့သောရက်ပိုင်းက တရုတ်နိုင်ငံကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်တွင်မိန့်ခွန်းပြောဆိုချိန်အတွင်း မြန်မာနိုင်ငံကို နျူကလီးယား နည်းပညာနှင့်ပတ်သက်ပြီး မျှဝေကူညီပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံမှ နျူကလီးယားနည်းပညာဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို
အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိနေကြောင်း၊ နျူကလီးယားနည်းပညာနှင့်ပတ်သက်ပြီး အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင် ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့် ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုခဲ့သည်။

ထို့အပြင် မြန်မာသံအမတ်ကြီးက နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် များစွာအသုံးဝင်ပြီး ပြည်သူတို့၏ လူနေမှုဘဝ အရည်အသွေးကို မြင့်တက်စေကြောင်းပြောသည်။ မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နျူကလီးယားဓာတ်ပေါင်းဖိုများတည်ဆောက်ရန်အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နျူကလီးယား အသေးစားဓာတ်ပေါင်းဖိုများ ပူးတွဲတည်ဆောက်ရန် ရုရှားနိုင်ငံပိုင် Atomic Energy Corporation နှင့် သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာအစိုးရသည် ပြီးခဲ့သောဖေဖော်ဝါရီလတွင် ရုရှား စွမ်းအင်ကုမ္မဏီတစ်ခုဖြစ်သော Rosatom State Corp နှင့်ပူးပေါင်းပြီး နျူကလီးယားနည်းပညာနှင့်သတင်းအချက်လက်စင်တာကို ရန်ကုန်မြို့တွင်တည်ထောင်ခဲ့ကြောင်းသိရသည်။

Ref; chinapress

Leave a Reply

Your email address will not be published. Required fields are marked *