၂၀. ၉. ၂၀၂၃
Written by Pan Ei
စင်ကာပူနိုင်ငံက Miss Universe သရဖူပိုင်ရှင် အသစ်စက်စက်က ထိုင်းနိုင်ငံက လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ ကတိကဝတ်ပြုထားတဲ့အတွက် ထိုင်း အင်တာနက်သုံးစွဲသူတွေအကြားမှာ ငြင်းခုန်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ထိုင်းအစိုးရကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
စီးပွားရေးဥပဒေနဲ့ ရာဇ၀တ်မှုဆိုင်ရာ ဘာသာရပ်နှစ်ခုနဲ့ Murdoch တက္ကသိုလ်က ဘွဲ့ရရှိခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် Miss Universe စင်ကာပူအလှမယ် Priyanka Annuncia ဟာ ဂုဏ်သိက္ခာရှိလှတဲ့ Miss ပြိုင်ပွဲကြီးအပြီးမှာ သူမရဲ့ ကတိကဝတ်ကို ကြေငြာခဲ့တာဖြစ်ပြီး “ဘွဲ့ရရှိပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနယ်ပယ်ဖြစ်တဲ့ Alliance Anti Traffic (AAT) Thailand မှာ ခြားနားချက်တစ်ခုဖြစ်အောင် ကျွန်မ စွန့်စားခဲ့တယ်” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် “ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု ရာဇ၀တ်မှုတွေအတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး ယနေ့ထိတိုင် အတိုင်းအတာတစ်ခုအထိ ဖြစ်ပွားနေဆဲပါ။ ကျွန်မရဲ့ လျှို့ဝှက်စုံစမ်းစစ်ဆေးမှုတွေနဲ့ ကျွမ်းကျင်မှုတွေကို သုံးနှစ်ကြာအောင် မြှင့်တင်ခဲ့ပြီး အခုအခါမှာ စုံစမ်းစစ်ဆေးမှုတွေ၊ ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေနဲ့ ဒုက္ခသည်တွေအတွက် ပြန်လည်ပေါင်းစည်းရေးအစီအစဉ်တွေကို ဦးဆောင်နေပါတယ်” ဆိုပြီး သူမက ဆက်လက်ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် စင်္ကာပူနိုင်ငံက အလှမယ်လေးဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုတွေကို ဖြေရှင်းဖို့ သူမရဲ့ရည်မှန်းချက်ကို Gold Coast Magazine (gcmag) နဲ့ အင်တာဗျူးမှာလည်း ပြောကြားခဲ့ပြီး “ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို အသက်ရှင်နိုင်ရင် ဘယ်မှာဖြစ်မလဲ” လို့ မေးတဲ့အခါ Priyanka က ထိုင်းနိုင်ငံမှာ ခဏလောက်နေချင်ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် စုံစမ်း စစ်ဆေးမှုတွေနဲ့ ကယ်တင်ရေး လုပ်ငန်းတွေမှာ ကျွန်မရဲ့ ခွန်အားနဲ့ အချိန်တွေကို တစ်ရာ ရာခိုင်နှုန်း မြှုပ်နှံချင်တဲ့ အကြောင်းတွေလည်း ဖြေကြားခဲ့ပါတယ်။
Priyanka ရဲ့ထုတ်ပြန်ချက်အပေါ် ထိုင်းအင်တာနက်အသုံးပြုသူတွေက ရောထွေးတဲ့တုံ့ပြန်မှုပေးခဲ့ကြပြီး အင်တာနက်အသုံးပြုသူအများစုက Priyanka ရဲ့ ပြောဆိုချက်ကို နိုင်ငံအတွက် စော်ကားမှုတစ်ခုအဖြစ် မြင်ခဲ့ကြပေမဲ့ ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုဟာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်တယ်ဆိုတာတော့ ဝန်ခံရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိုင်းအစိုးရရဲ့ လုပ်ဆောင်မှုတွေကို တချို့ အင်တာနက်သုံးစွဲသူတွေက ဝေဖန်ပြစ်တင်ကြပြီး “အဲဒါကောင်းတယ်။ အစိုးရတိုင်း ဖုံးကွယ်ထားတဲ့ အရာတွေကို ဖော်ထုတ်ဖို့ အချိန်တန်ပါပြီ။”၊ “ဝန်ကြီးချုပ်သစ် ဘယ်မှာလဲ၊ ဒါကိုကြည့်!” လို့ စသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်ခုကို ခုလို ဖော်ပြခြင်းဟာ နိုင်ငံတကာဆက်ဆံရေးကို အပျက်သဘောဆောင်စေနိုင်တယ်လို့ တခြား အင်တာနက်အသုံးပြုသူတွေက ဆန့်ကျင်ဘက်အမြင်တစ်ခုကို ဖော်ပြခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်အတွက် ကျင်းပမယ့် (၇၂) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကိုတော့ အယ်လ်ဆာဗေးဒေါနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၁၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံအသီးသီးက ကိုယ်စားပြုအလှမယ်တွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် အမရာဗိုလ် က သွားရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Ref; The Thaiger