၂၀. ၉. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားသုံးငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုတို့သည် ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်မှစ၍ ရုပ်သိမ်းလိုက်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်မှုများဖြစ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကစားသူများအား အရေးယူဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၀ ရက်မှ စတင်ဆောင်ရွက်ခဲ့သည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့မှုများကြောင့် တစ်ဒေါ်လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေး စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ဆက်တိုက်ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃,၄၅၀ ဝန်းကျင်းသို့ ပြန်လည်ကျဆင်းခဲ့သည်။