၂၀. ၉. ၂၀၂၃
Written by Ye Kyaw
ဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေး ၂၀၂၃ ခုနှစ် မိုးစပါးများအတွက် ရည်ညွှန်းစပါးဈေးနှုန်းများ သတ်မှတ်ခဲ့ပြီး ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်းသာ ရောင်းချရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိုက်သင့်သည့် အကျိုး အမြတ်ရရှိရေး၊ ကြိတ်ခွဲထုတ်လုပ်ရောင်းချသူများအတွက်လည်း ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူများအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့်အညီ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မိုးစပါးရာသီထွက်ရှိလာသည့် စပါးများအပေါ်ဝယ်ယူမည့် စပါးဈေးနှုန်းများကို သတ်မှတ်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစပါးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီနှင့် CEC ဗဟိုအလုပ်အမှုဆောင်များ၊ Exporter ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ညှိနှိုင်းဆုံးဖြတ်ချက်များအရ လက်ရှိကာလ (၂၀၂၃ ခုနှစ် မိုးစပါး) ထွက်ရှိသည့် စပါးများအပေါ် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စပါးကုန်သည်များအနေဖြင့် ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်းနှင့် ဧရာမင်း/ ဧရာပဒေသာစပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း သတ်မှတ်ခဲ့သည်။ အဆိုပါရည်ညွှန်းဈေးနှုန်းများအတွင်း ရောင်းသူနှင့် ဝယ်သူအကြား စပါးအမျိုးအစားအလိုက်၊ စပါးအရည် အသွေးအလိုက်၊ စပါးအစိုဓာတ်အလိုက် ဈေးနှုန်းသတ်မှတ် ညှိနှိုင်းဆောင်ရွက်ကြရန် ဖြစ်သည်။
အဆိုပါ ဈေးနှုန်းများဖြင့် ဝယ်ယူရန်အခက်အခဲရှိပါက အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များသို့ အသိပေးရန်နှင့် အဆိုပါ ဈေးနှုန်းများထက်ပို၍ ဈေးပေးဝယ်ယူမှုများရှိပါက ဖော်ထုတ်တင်ပြရန်နှင့် ဝယ်ယူရေးကို နောက်ဆက်တွဲပါ ဝယ်ယူလုပ်ထုံးနည်းများအတိုင်း ဆောင်ရွက်ရန် အသိပေးထားသည်။
လက်ရှိတွင် စိုက်ပျိုးစရိတ် ပျမ်းမျှတစ်ဧကလျှင် ကျပ် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကြားကုန်ကျစရိတ်ရှိနေပြီး စပါးအမျိုးအစားအပေါ်မူတည်၍ နှစ်ဧကစိုက်ပျိုးမှသာ စပါးတင်း ၁၀၀ နှင့်အထက် ထွက်ရှိခြင်းဖြစ်၍ စပါးတင်း ၁၀၀ ထွက်ရှိရန် စိုက်ပျိုးစရိတ် ကျပ် ၈၀၀,၀၀၀ ဝန်းကျင် ကုန်ကျမှုရှိကြောင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသူများထံမှ သိရသည်။
“စပါးတင်း ၁၀၀ ထွက်ဖို့ဆို ကုန်ကျစရိတ် အနည်းဆုံး ၈၀၀,၀၀၀ လောက်ကုန်တယ်။ လေးလတစ်ဖြတ်ကိုပေါ့။ ဒီမှာကတော့ တောင်ပျံတို့၊ ငွေတိုးတို့၊ ဒဂုံတို့ပဲ။ တောင်ပျံကတော့ မပေါ်သေးလို့ မသိသေးဘူး။ အဟောင်းတုန်းက မျိုးစပါးပဲကျန်တဲ့အချိန်ထိကို လိုက်ဝယ်တာ အဲဒီတုန်းကတော့ ၂၇ သိန်းလောက်ပေါက်တယ်။ ငွေတိုးတို့၊ ဒဂုံတို့ကတော့ စပါးစပြီးရိတ်နေပြီ။ လယ်ကွင်းထဲက အစိုအတိုင်းကို တင်း ၁၀၀ ကို ၁၄ သိန်းပေးတယ်။ ဘာမှမလုပ်ရသေးဘူး စက်နဲ့ရိတ်ပြီး တန်းယူသွားတာ” ဟု ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် မိုးစပါးအတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွင် စပါးတင်း ၁၀၀ ကျပ်သိန်း ၂၀ အများဆုံးသတ်မှတ်ထားသည့် ရွှေဘိုပေါ်ဆန်း စပါးအဟောင်းသည် လက်ရှိတွင် စပါးတင်း ၁၀၀ ကို ကျပ် ၃၅ သိန်းအထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
”ရွှေဘိုကတော့ အသစ်မပေါ်သေးဘူး။ အဟောင်းက အခုဈေးပြန်ကျနေတာတောင် ၃၅ သိန်းဈေး ရှိတယ်။ ဈေးတက်တုန်းကဆို ၄၂ သိန်းအထိ မြင့်တက်သွားသေးတာ။ ရွှေဘိုဘက်မှာက စပါးက စိုက်တုန်းပဲရှိသေးတယ် စပါးပေါ်ရင်တော့ ဘယ်ဈေးဖြစ်မလဲတော့ မသိသေးဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှ လယ်သမားတစ်ဦးက ပြောသည်။