၂၀.၉.၂၀၂၃
Translated by Htwe Ko Tun
ဖျုထိုင်းပါတီ၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ၏ သမီးဖြစ်သူ ပေတုံတန် ရှီနာဝါထရာက အကယ်၍ ဖျူထိုင်းပါတီလိုလားပါက ၎င်းအနေနှင့် ပါတီကိုဦးဆောင်သွားရန်အသင့်ရှိသည်ဟု စက်တင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပါတီအနေဖြင့် နောက်ထပ်ခေါင်းဆောင်တစ်ဦးအဖြစ် မည်သူ့အား တာဝန်ပေးမည်ကို မဆုံးဖြတ်ရသေးသော် လည်း ၎င်းကိုသာရွေးခဲ့ပါက အကောင်းဆုံးဆောင်ရွက်သွားမည်ဟုလည်း ပေတုံတန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ အသက် ၃၇ နှစ်ရှိ ပေတုံတန်က “ကျွန်မအနေနဲ့ ပါတီအတွင်းမှာ ဘယ်အဆင့်ဆိုတာကို အဓိကမထားဘဲ ပါတီအတွက် အကောင်းဆုံးကြိုးစားအားထုတ်သွားပါ့မယ်။ ပါတီရဲ့ ရည်မှန်းချက်တွေ ရောက်အောင် ဆောင်ရွက်သွားမှာပါ။ ဒီမှာ အခြားတစ်ယောက်ယောက်ကို ပါတီခေါင်းဆောင်တာဝန် ပေးခဲ့ရင်လည်း ကျွန်မအပေါ် တစ်စုံတစ်ရာသက်ရောက်မှုရှိမှာမဟုတ်ပါဘူး” ဟု ပါတီတည်ထောင်မှု ၁၆ နှစ်ပြည့်အခမ်းအနားတစ်ခုတွင်ပြောခဲ့သည်။
ဖျူထိုင်းပါတီက တပ်နှင့်အဆက်အသွယ်ရှိသော ပါတီများနှင့် ပူးပေါင်း၍ အစိုးရဖွဲ့စည်းခဲ့အပြီးတွင် ဖျူထိုင်းပါတီ၏ခေါင်းဆောင်ဟောင်း ချိုလ်နန်မှာ ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်မှုကာလအတွင်း ကတိကို ချိုးဖောက်ရာရောက်ခဲ့၍ ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ သို့သော် ချိုလ်နန်မှာ အစိုးရအဖွဲ့ တွင် ကျန်းမာရေးဝန်ကြီးအဖြစ် ပါဝင်နေကြောင်း သိရသည်။
ဖျူထိုင်းပါတီက အောက်တိုဘာလ ၁၆ ရက်တွင် အထွေထွေညီလာခံတစ်ရပ် ကျင်းပသွားရန်စီစဉ်ထားပြီး ပါတီ၏ အမှုဆောင်ကော်မတီသစ်နှင့် ပါတီခေါင်းဆောင်သစ်တို့ကို ရွေးချယ်တင်မြှောက်ကြမည်ဖြစ်သည်။ ဖျူထိုင်းပါတီ၏ လွှတ်တော်အမတ်များကလည်း ပေတုံတန် အား ပါတီခေါင်းဆောင်အဖြစ် နှစ်သက်ရွေးချယ်ကြလိမ့်မည်ဟု ယုံကြည်ရသည်။
ဖျူထိုင်းပါတီ၏ဒုတိယခေါင်းဆောင်ဖြစ်သော ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းက ပါတီတွင် လူငယ်များနှင့် အရည်အချင်းပြည့်ဝသူများ ပါဝင်လာရန်အားပေးရမည်ဖြစ်ကြောင်း၊ သက်ကြီးပိုင်းပါတီ ခေါင်းဆောင်များက ဘေးဖယ်ပေးကာ လူငယ်တစ်ဦးပါတီခေါင်းဆောင်ဖြစ်လာစေရန် ထောက်ခံကြရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းအား ပါတီခေါင်းဆောင်အဖြစ် ပေတုံတန်ကို ရွေးချယ်သွားမည်လောဟု မေးမြန်းရာတွင် ဖွမ်သမ်က ပေတုံတန်မှာ အရည်အချင်း ပြည့်ဝပြီး ပါတီခေါင်းဆောင်နေရာအတွက် သင့်တော်ပါကြောင်း၊ ရွေးချယ်မှုကိုမူ ပါတီ၏အမှုဆောင်ကော်မတီသစ်က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
Ref—- Bangkok Post