၂၀. ၉. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ၏ ကားထုတ်လုပ်မှုသည် ပြီးခဲ့သောလများနှင့်နှိုင်းယှဉ်လျှင် ဇူလိုင်လအတွင်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း အာဆီယံမော်တော်ယာဉ်ထုတ်လုပ်ရောင်းဝယ်ရေးအသင်း ASEAN Automotive Federation ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါအဖွဲ့သည် အာဆီယံဒေသတွင်းနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကားထုတ်လုပ်နိုင်မှု အခြေအနေကို ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ၏ ဇူလိုင်လအတွင်း ကားထုတ်လုပ်နိုင်မှုက ယခင်လများထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် ကားထုတ်လုပ်မှုများ ကျဆင်းခဲ့သော်လည်း ဇွန်လနှင့် ဇူလိုင်လတွင် ကားထုတ်လုပ်မှုများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ဇွန်လတွင်ကား အစီးရေ ၁၄၀၊ ဇူလိုင်လတွင် ကားအစီးရေ ၁၅၈ စီး ထုတ်လုပ်နိုင်ခဲ့ကြောင်း အာဆီယံမော်တော်ယာဉ်ထုတ်လုပ်ရောင်းဝယ်ရေးအသင်း ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ကားအစီးရေပေါင်း ၃၈၇ စီး ထုတ်လုပ်နိုင်ခဲ့ပြီး ဇန်နဝါရီလက ကားအစီးရေ ၈ စီး၊ ဖေဖော်ဝါရီလက ကားအစီးရေ ၄၁ စီး၊ မတ်လက ကားအစီးရေ ၂၃ စီး၊ ဧပြီလက ကားအစီးရေ ၈ စီး၊ မေလက ကားအစီးရေ ၉ စီးသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ကားထုတ်လုပ်နိုင်မှုသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာလျော့နည်းနေဆဲဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ဇန်နဝါရီလမှ ဇူလိုင်လအထိ ကားအစီးရေ ၃၀၄၈ စီးထုတ်လုပ်နိုင်ခဲ့ကြောင်း အာဆီယံမော်တော်ယာဉ်ထုတ်လုပ်ရောင်းဝယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံဒေသတွင်းနိုင်ငံများအနက် ထိုင်း၊ အင်ဒိုနီးရှား၊မလေးရှားနိုင်ငံတို့သည် ကားထုတ်လုပ်မှုအများဆုံးနိုင်ငံများထဲတွင်ရပ်တည်လျက်ရှိနေပြီး မြန်မာနိုင်ငံက ကား ထုတ်လုပ်မှုအနည်းဆုံးဖြစ်နေကြောင်း သိရသည်။
Ref; ASEAN Automotive Federation