၂၀. ၉. ၂၀၂၃
Written by Pan Ei
အိန္ဒိယမြောက်ပိုင်း ရာဂျက်စသန်ပြည်နယ် ဘာရတ်တာမြို့မှာ မကြာသေးမီက မွေးဖွားခဲ့တဲ့ မွေးကင်းစ မိန်းကလေးငယ်တစ်ဦးဟာ လက်တစ်ဖက်စီမှာ လက်ချောင်း ခုနစ်ချောင်းနဲ့ ခြေတစ်ဖက်စီမှာ ခြေချောင်းခြောက်ချောင်းစီပါဝင်ပြီး စုစုပေါင်း လက်ချောင်း၊ ခြေချောင်း ၂၆ ချောင်းနဲ့ ထူးထူးခြားခြားမွေးဖွားလာခဲ့ရာ ကလေးငယ်ရဲ့မိသားစုကတော့ အဲ့ဒီကလေးငယ်ကို “ဟိန္ဒူနတ်ဘုရားမရဲ့ လူဝင်စားခြင်း” ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
ကလေးငယ်ရဲ့ မိသားစု ယုံကြည်နေကြတဲ့ လူဝင်စားတဲ့ ဟိန္ဒူနတ်ဘုရားမကတော့ Dholagarh Devi လို့ အမည်ရပြီး ကလေးမွေးဖွားရာနေရာနဲ့နီးတဲ့ ဘုရားကျောင်းမှာရှိတဲ့ လူသိများတဲ့ နတ်ဘုရားတစ်ပါးဖြစ်ကာ Dholagarh နတ်ဘုရားမရဲ့ ရုပ်တုကို လက်များစွာပါတဲ့ မိန်းကလေးငယ်တစ်ဦးအဖြစ် ပုံဖော်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။
ကလေးငယ်ရဲ့မိခင် အသက် ၂၅ နှစ်အရွယ် Sarju Devi က ကလေးငယ်ကို မွေးဖွားခဲ့တဲ့အတွက် ပီတိဖြစ်နေပုံရပြီး သူမရဲ့အစ်ကိုက ပြည်တွင်းမီဒီယာကို ပြောကြားရာမှာ “ကျွန်တော့် ညီမက လက် ၂၆ ချောင်းရှိတဲ့ ကလေးငယ်ကို မွေးခဲ့ပြီး Dholagarh Devi က လူဝင်စားတယ်လို့ ကျွန်တော်တို့ ယူဆနေပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ ကလေးငယ်ကို ရှားပါးမျိုးရိုးဗီဇ မူမမှန်မှုနဲ့ မွေးဖွားလာခဲ့တာဖြစ်ပြီး ကလေးက ကျန်းမာကြောင်း ပြောကြားခဲ့သလို ကလေးငယ်ရဲ့မိဘတွေက ကလေးငယ်ကို လက်ချောင်း ၁၀ ချောင်းနဲ့ ခြေချောင်း ၁၀ ချောင်းအထိ ခွဲထုတ်ဖို့ ခွဲစိတ်မှုပြုလုပ်မလားဆိုတာကတော့ မသိရသေးပါဘူး။
Ref; New York Post