၂၀. ၉. ၂၀၂၃
Written by Nyein Kyaw
အနောက်နိုင်ငံများက ၎င်းတို့နိုင်ငံသားများကို မြန်မာနိုင်ငံ၏ အချို့သောဒေသများသို့ လုံးဝခရီးမသွားရန် ထုတ်ပြန်မှုများသည် မြန်မာနိုင်ငံသို့ ယခင်ကလာရောက်ဖူးသည့် ပြည်ပခရီးသွားများအပေါ်တွင် သက်ရောက်မှုမရှိသော်လည်း ခရီးသွားအသစ်များ ထပ်မံရရှိစေရေးကိုမူ ဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံက တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုကို ဗြိတိန်နိုင်ငံသားများ ခရီးသွားလာမှု လုံးဝမပြုလုပ်ရန် ဗြိတိန်အစိုးရ၏ The Foreign, Commonwealth and Development Office (FCDO) သတိပေးချက် ထပ်မံထုတ်ပြန်ခဲ့သည်။ FCDO ၏ တားမြစ်ချက်တွင် မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင် စသည့်ပြည်နယ် ၅ ခုနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်နှင့် တောင်ပိုင်းဒေသတို့ ပါဝင်ခဲ့သည်။
ပြည်ပခရီးသွားများအနေဖြင့် နိုင်ငံကြီးများ၏ ခရီးသွားဆိုင်ရာ ထုတ်ပြန်ချက်၊ သတိပေးမှုများ ဖတ်ရှုလေ့လာပြီးမှသာ ခရီးသွားလာခြင်းဖြစ်၍ ယခုကဲ့သို့ အနောက်နိုင်ငံကြီးများ၏ ထုတ်ပြန်ချက်များကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို သက်ရောက်မှုများရှိသည်။ သို့သော်လည်း ယင်းအခြေအနေများသည် ယခုမှစတင်ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ ပြီးခဲ့သည့်နှစ်များကတည်းက ကြုံတွေ့ရခဲ့ပြီးဖြစ်သဖြင့် သိသိသာသာ ထိခိုက်မှုများ မရှိနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
“ဒီထုတ်ပြန်ချက် ထုတ်လိုက်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံကိုလာဖို့ ထိခိုက်တာတော့ ပြီးခဲ့တဲ့နှစ်ထဲက ဒီလိုဟာတွေစပြီး အမေရိကန်ကလည်း ဒီလိုကြေညာထားတာတွေရှိတယ်။ အနောက်နိုင်ငံတွေအနေနဲ့ပေါ့နော်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို လက်ရှိလာရောက်နေတဲ့ ခရီးသည်တွေ၊ လာရောက်ဖို့ဆုံးဖြတ်ထားတဲ့သူတွေက သိရှိပြီးသားဖြစ်တယ်။ ဒီခရီးသည်တွေက လာမယ့်ရာသီအတွင်းမှာတော့ ထိခိုက်မှုတော့ရှိတယ်။ ဒါပေမဲ့ အများကြီးထိခိုက်မှုတော့ မရှိတော့ဘူး။ မြန်မာနိုင်ငံကို လာမယ်လို့ဆုံးဖြတ်ကတည်းက ဒီအခြေအနေကို သူတို့က သိထားပြီးသားပေါ့။ မြန်မာနိုင်ငံအကြောင်းကို လုံးဝမသိဘဲနဲ့ မြန်မာနိုင်ငံကို အခုမှစပြီးစိတ်ဝင်စားတဲ့ လေ့လာနေတဲ့သူတွေအဖို့တော့ မြန်မာနိုင်ငံကို လာဖို့အခွင့်အရေးဆုံးရှုံးသွားတာဖြစ်ပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံသို့ အာရှနှင့် အရှေ့တောင်အာရှနိုင်ငံမှ ခရီးသွားများ အများဆုံးလာရောက်ခဲ့ကာ ပြီးခဲ့သည့် ခြောက်လအတွင်း ထိုင်းနိုင်ငံသားများ အများဆုံးလာရောက်ခဲ့ပြီး တရုတ်နိုင်ငံသားများ လာရောက်မှုရှိသော်လည်း ဗီဇာအခက်အခဲများကြောင့် အနည်းငယ်လာရောက်မှု တန့်သွားခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နှင့်အိန္ဒိယ ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် လာမည့်ခရီးသွားရာသီတွင် တရုတ်ခရီးသွားများ ပိုမိုတိုးတက်လာနိုင်ကြောင်း သိရသည်။