၂၀.၉.၂၀၂၃
Translated by Htwe Ko Tun
ကနေဒါနိုင်ငံအတွင်း ဆစ်ခ် ခေါင်းဆောင် တက်ကြွလှုပ်ရှားသူ နီဂျာကို ဇွန်လအတွင်းကလုပ်ကြံခံခဲ့ရမှု၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက ပုဂ္ဂိုလ်ရေးအရတိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း စက်တင်ဘာလ ၁၈ ရက်တွင် ကနေဒါနိုင်ငံဝန်ကြီးချုပ်ထရူးဒေါကစွပ်စွဲခဲ့ပြီးနောက် ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကို နှင်ထုတ်ခဲ့သည်။ ၎င်းအားတုံ့ပြန်မှုအဖြစ် အိန္ဒိယအစိုးရကလည်း ကနေဒါအစိုးရ၏ အိန္ဒိယနိုင်ငံဆိုင်ရာ မဟာမင်းကြီးအား ငါးရက်အတွင်းနိုင်ငံအတွင်းမှ ထွက်ခွာရန် စက်တင်ဘာလ ၁၉ ရက်က အမိန့်ထုတ်ခဲ့ရာ အိန္ဒိယနှင့် ကနေဒါ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုက မြင့်မားလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
နီဂျာကို သတ်ဖြတ်မှုတွင် အိန္ဒိယသံရုံးရှိကိုယ်စားလှယ်တစ်ဦးက ပါဝင်ပတ်သက်နေကြောင်း သက်သေ အထောက်အထားများရရှိထားကြောင်း ကနေဒါအစိုးရ၏ စွပ်စွဲပြောကြားမှုကို အိန္ဒိယအစိုးရကလည်း အခြေအမြစ်မရှိသောပြောကြားချက်များအဖြစ် ငြင်းဆိုခဲ့သည်။ ထရူးဒေါကမူ နိုင်ငံ၏မြေပေါ်တွင် မိမိ နိုင်ငံသားတစ်ဦးကိုသတ်ဖြတ်ခြင်းက လုံးဝလက်မခံနိုင်သော အချုပ်အခြာအာဏာကိုစော်ကားမှု ဖြစ်ကြောင်းလည်းပြောခဲ့သည်။
ကနေဒါနိုင်ငံက အိန္ဒိယနိုင်ငံပြင်ပတွင် ဆစ်ခ်လူမျိုးတို့အများဆုံးခိုလှုံနေထိုင်ရာနိုင်ငံဖြစ်ပြီး ဆစ်ခ်လူမျိုး ၇၇၀,၀၀၀ ခန့် ကနေဒါနိုင်ငံအတွင်း နေထိုင်လျက်ရှိကြောင်း သိရသည်။ နီဂျာက လူသိများထင်ရှားသော ဆစ်လူမျိုးခေါင်းဆောင်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၎င်းအားအိန္ဒိယအစိုးရက အကြမ်းဖက်မှုများ ကျူးလွန်ခဲ့မှုနှင့် လူသတ်မှုများပူးပေါင်းကြံစည်မှုတို့ဖြင့်တရားစွဲထားခဲ့သည်။ သို့သော်နီဂျာက ထိုစွဲချက်များမမှန်ကန်ကြောင်း ငြင်းဆိုပြောကြားထားသည်။
၂၀၁၈ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံနှင့် ကနေဒါနိုင်ငံတို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကိုစတင်ခဲ့ပြီး ငွေရေးကြေးရေး၊ တရားရေးဆိုင်ရာနှင့် ရဲတပ်ဖွဲ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့ကြသည်။ ထိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်က အိန္ဒိယနိုင်ငံ၊ ခါလီစတန်ပြည်နယ်ကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်တောင်းဆိုနေသော ဆစ်ခ်တို့အတွက် သတိပြု အလေးထားစောင့်ကြည့်ဖွယ်ရာဖြစ်ခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ နှစ်နိုင်ငံကြားသံတမန်များအပြန်အလှန်နှင်ထုတ်မှုက နှစ်နိုင်ငံဆက်ဆံရေးကို အဆိုးဝါးဆုံးဖြစ်စေခဲ့ကြောင်းလည်း သိရသည်။
Ref—Hindustan Times, Yahoo