October 19, 2024

၂၀. ၉. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်စ်ရဲ့ Neuralink ဟာ လူသားတွေရဲ့ ဦးနှောက်ထဲမှာ စက်ပစ္စည်း( ချစ်ပ်ပြား) ထည့်သွင်းကာ စမ်းသပ်လေ့လာမှုအတွက် FDA ရဲ့ ခွင့်ပြုချက်ကို ပြီးခဲ့တဲ့ မေလက ရရှိခဲ့ပြီး အခုအခါမှာတော့ လေဖြတ်လေငန်းရောဂါဝေဒနာခံစားနေသူတွေမှာ ပထမဆုံးလူသားစမ်းသပ်သုံးစွဲမှုအဖြစ် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ကျောရိုးထိခိုက်ဒဏ်ရာရထားသူတွေနဲ့ Amyotrophic Lateral Sclerosis (ရှားပါးအာရုံကြောရောဂါ) ကြောင့် သွပ်ချာပါဒ ရောဂါရှိသူတွေက လေ့လာမှုအတွက် အရည်အချင်းပြည့်မီနိုင်တယ်လို့ Neuralink က ပြောကြားခဲ့ပြီး စမ်းသပ်မှုမှာ ပါဝင်သူ ဘယ်လောက်ရှိမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ စမ်းသပ်မှုတွေ ပြီးစီးဖို့အတွက်ကတော့ ၆ နှစ်လောက်ကြာမယ်လို့ သိရပါတယ်။

သူတို့ရဲ့လေ့လာမှုမှာ ဦးနှောက်နဲ့ ကွန်ပျူတာကြားခံစက်ပစ္စည်း (BCI) ကို ဦးနှောက်ထဲထည့်သွင်းဖို့ စက်ရုပ်ကို အသုံးပြုမှာဖြစ်ကြောင်း Neuralink က ပြောကြားခဲ့ပြီး အဲ့ဒီ ထည့်သွင်းလိုက်တဲ့ ချစ်ပ်အပြားဟာ ရွေ့လျားဖို့ ရည်ရွယ်ချက်ကို ထိန်းချုပ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကနဦးရည်မှန်းချက်ကတော့ လူတွေကို ကွန်ပျူတာကာဆာ ဒါမှမဟုတ် ကီးဘုတ်ကို သူတို့ရဲ့ အတွေးနဲ့ ထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်။

အစောပိုင်းမှာ Neuralink က လူနာ ၁၀ ဦးထံ သူတို့ရဲ့စက်ကို အစားထိုးထည့်သွင်းဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာပြီးနောက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) နဲ့ ညှိနှိုင်းခဲ့ချိန် လူနာအရေအတွက် နည်းပါးသွားနိုင်ပြီး FDA က နောက်ဆုံးအတည်ပြုခွင့်ပြုထားတဲ့ လူနာဘယ်လောက်ရှိမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

အကျိုးကျေးဇူးများသလို ဘေးထွက်ဆိုးကျိုးလည်းရှိနေနိုင်တာကြောင့် စောင့်ကြည့်သွားရမယ့် နည်းပညာတစ်ခုဖြစ်တဲ့ Neuralink အတွက် အီလွန်မက်စ်က ကြီးမားတဲ့ ရည်မှန်းချက်ရှိပုံရပြီး ဦးနှောက်အတွင်းစက်ပစ္စည်း( ချစ်ပ်ပြား) အစားထိုး ကုသမှုဟာ အဝလွန်ခြင်း၊ အော်တစ်ဇင်ရောဂါ၊ စိတ်ကျရောဂါနဲ့ Schizophrenia (ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေတစ်မျိုး) အပါအဝင် အခြေအနေများစွာကို ကုသပေးနိုင်တယ်လို့ အီလွန်မက်စ်က ယူဆထားပြီး သူဟာ စက်ပစ္စည်းတွေရဲ့ ဘေးကင်းမှုကို အလွန်ယုံကြည်စိတ်ချတာကြောင့် သူ့ရဲ့ကလေးတွေမှာပါ ထည့်သွင်းလိုကြောင်း ပြောကြားခဲ့တဲ့သတင်းဟာ အရင်နှစ်ကုန်ပိုင်းက နိုင်ငံတကာရဲ့ ခေါင်းစီးသတင်းတွေမှာ ပါဝင်ခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *