October 19, 2024

ကျေးလက်နေပြည်သူများ၊ ဒေသခံတိုင်းရင်းသားများ စာတတ်မြောက်မှုနှင့် အတန်းပညာ တတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရ၍ “ ဝ၊ ထ၊ က၊ လ ၊သ”စီမံကိန်း အကောင်အထည်ဖော်ရန် လမ်းညွှန်ထား

၂၀. ၉. ၂၀၂၃
Written by Tha Doe

စာတတ်မြောက်မှသာ အများသူငှာတို့၏ မြောက်ပင့် စည်းရုံး ဆွဲ‌ဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ပြီး စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ်ရှိလာမည်ဖြစ်ကာ စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကြောင်းနိုင်မည်ဖြစ်သလို ယနေ နိုင်ငံအတွင်း အချို့ မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာ ၁၉ ရက်တွင်ပြုလုပ်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ် မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

မိမိတို့နိုင်ငံ အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီခေတ် ကျွန်သဘောက် ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ  ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၆၆ ဒသမ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန်ထားကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊  အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထားသလို၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း သည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အမျိုးသမီး စာမတတ်မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်း ကို တွေ့ ရှိရကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာခေတ်တွင် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး ဆောင်ရွက်သွားရန်၊ ယခင် မိမိတို့နိုင်ငံတွင် “အ”သုံးလုံးသင်တန်းများ သင်ကြားပေးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် စံပြပုံစံအဖြစ် အသိအမှတ်ပြုခံခဲ့ရကြောင်း၊ “အ” သုံးလုံး သင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ပညာတတ်မြောက်လိုစိတ်များဖြစ်ပေါ်လာခြင်း၊ ကျောင်းပြင်ပ ပညာရေး (Non – Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည် ဖြစ်ကြောင်း ဖြင့် စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ထို့အတွက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများ အပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာ တတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး “ ဝ၊ ထ၊ က၊ လ ၊သ”စီမံကိန်းကို မိမိတို့ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်းလည်း ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *