October 19, 2024

ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီး စစ်ဆေးနေသည်ဟု ဒေသခံများ ပြော

၁၉. ၉. ၂၀၂၃
Written by Peya

ကျောင်းသို့သွားစဥ် လည်-လှီးသ-တ်ဖြ-တ်ခံရသည့် ဆရာမ အမှုတွင် ကျူးလွန်သူက လက်ဝတ်ရတနာများ နှင့် ဖုန်းကို ယူဆောင်သွားခြင်းမရှိဘဲ လူကိုသာ သတ်သွားခြင်းဖြစ်ကြောင်းနှင့် ကျူးလွန်သည်ဟု ယူဆရသူကို ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရကြောင်း ဆရာ၊ ဆရာမ အသိုင်းအဝိုင်းနှင့် ဒေသခံများထံ MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ စက်တင်ဘာလ ၁၉ ရက်တွင် သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ် ပေါက်တောကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ် နှင်းယုနွယ်သည် မိမိရွာမှ အနီးနားရှိ ပန်းဖော်ပြင်ကျေးရွာသို့ ကျောင်းတက်ရန် သွားရောက်စဉ် လည်-လှီး-သ-တ်ဖြ-တ်ခံရခြင်း ဖြစ်ကာ အဓမ္မကျင့်ထားသည်ဟု ယူဆရသည့် အနေအထားမျိုးကိုလည်း တွေ့မြင်ရခြင်း ဖြစ်သည်။

“ခါတိုင်းဆို ကျောင်းကို ၁၀ နာရီလောက်မှ သွားပေမယ့် အဲ့ဒီနေ့ကျတော့မှ စောစောသွားတယ်တဲ့။ ကျောင်းရောက်ရင် ပုံမှန်ဖုန်းဆက်နေကျဆိုပေမယ့် ဖုန်းမဆက်လို့ အမေက ဖုန်းဆက်တော့ မကိုင်တာ။ ဖုန်းနဲ့ အခင်းဖြစ်တဲ့ နေရာနဲ့ကလည်း သိပ်မလှမ်းဘူးတဲ့။ ပြီးတော့ အလောင်းကလည်း လမ်းနဲ့ သိပ်မဝေးဘူး။ ဖုန်းသံ မြည်နေတာကို လမ်းကနေ ကြားရတယ်။ အဲ့ဒီနားမှာ လယ်လုပ်နေတဲ့ သားအဖက ဖုန်းကို သွားမကိုင်ရဲတော့ အနားမှာ နွားကျောင်းနေတဲ့ အန်တီကြီးဆိုလား ခေါ်ပြီး သွားကြည့်တာမှာ အလောင်းကို တွေ့တာ။ အဝတ်အစားတွေ လန်နေလို့ အဲ့ဒီ အန်တီကြီးက ထဘီကို ပြန်ဖုံးပေးလိုက်တယ်လို့ သိရတယ်” ဟု ကျောင်းဆရာမတစ်ဦးက သူမကြားသိရသည်ကို MT News သတင်းဌာနသို့ ပြန်လည်ပြောကြားသည်။

အလောင်းကို မြင်ပြီးနောက် မျက်နှာကို မှတ်မိသည့် အတွက် ဖုန်းကိုင်ကာ မိသားစုထံ ဖြစ်စဉ်ကို ပြန်ပြောကြားခဲ့ခြင်းဖြစ်ကာ တစ်စုံတစ်ရာ ဖြစ်လာနိုင်သည့်ဘေးကို သိသောကြောင့် ယခင်သွားချိန်ထက် ကျောင်းသို့ ကြိုသွားသည်ဟု ထင်မြင်မိကြောင်းလည်း ၎င်းက ဆိုသည်။

“ဖုန်းရယ်၊ နားကပ်ရယ်၊ လက်စွပ်ရယ် မပါသွားဘူးလို့ သိရပါတယ်။ အဓမ္မကျင့်တယ်လို့ ပြောနေကြတာလည်း ရှိတယ်” ဟု အထက်ပါ ဆရာမက ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်ကို ULA/AA က ကိုင်တွယ်နေသည်ဟု သိရကာ ကျူးလွန်သူဟု ယူဆရသူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရကြောင်းလည်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

“လောလောဆယ်မှာ သံသယရှိ တရားခံတစ်ယောက်ကို ဖမ်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်။ အဲ့ဒီ တစ်ယောက်က ၇၅ ရာခိုင်နှုန်း သေချာတယ်လို့ သိရတယ်။ ဖုန်းထဲကနေ Record တချို့ ရထားတယ်လို့ သိထားရတယ်” ဟု ၎င်းက ဆိုသည်။

ပညာရေးသည် တိုင်းပြည်တစ်ပြည်၏ အဓိက အသက်သွေးကြောဖြစ်ပြီး တိုင်းပြည်တည်ဆောက်သည့် နေရာတွင် ပညာရည်ထူးချွန်ထက်မြတ်သော ပြည်သူ/သားများ လိုအပ်နေသည်။ ကျောင်းဆရာ/မ များမှာ တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်လေးများကို မွေးထုတ်ပေးသူများ ဖြစ်သည့်အတွက် အလွန်တရာ တန်ဖိုး ထားအပ်သူများပင် ဖြစ်ကြောင်း၊ ယခု လုပ်ကြံ-သ-တ်ဖြတ်ခံရပြီး သေဆုံးသွားသူမှာလည်း ကျောင်းဆရာမတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သေဆုံးမှုနှင့် ပတ်သက်ပြီး အုပ်ချုပ်သူများတွင် တာဝန်ရှိပြီး အမှန်တရား ပေါ်ပေါက်၍ တရားခံ ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း နှင့် ကျွန်းပေါ်ပေါက်တောကျေးရွာမှ ကျောင်းဆရာမတစ်ဦး လုပ်ကြံ သ-တ်ဖြ-တ် သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ပြစ်တင်ရှုတ်ချလိုက်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက် က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *