၁၈. ၉. ၂၀၂၃
Written by Nyein Kyaw
ဒေါ်လာဈေးနှုန်း အကျဘက်သို့ ပြန်လည်ဦးတည်နေခြင်း၊ ကမ္ဘာ့ရွှေဈေး တည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထပ်မံကျဆင်းခဲ့ပြီး ယနေ့တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃,၅၃၀,၀၀၀ သို့ ထပ်မံကျဆင်းခဲ့သည်။
စက်တင်ဘာ ၁၅ ရက်မှစတင်၍ ပြည်တွင်း၌ ဒေါ်လာဈေး ကျပ် ၃,၅၀၀ သို့ ကျဆင်းခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၄၄၀ သာရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၉၂၇ ဒေါ်လာ ဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၅၃၀,၀၀၀ သို့ကျဆင်းခဲ့ပြီး ငါးရက်အတွင်း ကျပ် ၄၀,၀၀၀ ကျဆင်းခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းသည် စက်တင်ဘာ ၁၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်းကျော်သို့ ပြန်လည်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်လည်တည်ငြိမ်လာခြင်းကြောင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ပြည်တွင်းရွှေဈေး ကျပ် ၃၆ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာပြီး ဈေးနှုန်းအကျဘက် ပြန်ဦးတည်လာခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၂၀ ကျပ်၊ စက်တင်ဘာ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၃,၅၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၈၀ ကျပ်၊ စက်တင်ဘာ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ် ဖြစ်ပေါ်ခဲ့သည်။