October 19, 2024

၁၉. ၉. ၂၀၂၃
Translated by Htwe Ko Tun

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျတ်စတင်ထရူးဒေါက ကနေဒါနိုင်ငံသား ထင်ရှားသော ဆစ်ခ်လူမျိုးတက်ကြွ လှုပ်ရှားသူတစ်ဦးလုပ်ကြံခံရမှုတွင် အိန္ဒိယအစိုးရနှင့်ဆက်စပ်နေသည်ဟုယုံကြည်ရသော ထောက်လှမ်းရေးအချက်အလက်များတွေ့ရှိရသည်ဟု စွပ်စွဲပြောကြားခဲ့အပြီးတွင် ကနေဒါအစိုးရက အိန္ဒိယထိပ်တန်းသံတမန် တစ်ဦးအား စက်တင်ဘာလ ၁၈ ရက်တွင် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။ ၎င်းကနှစ်နိုင်ငံအကြား တင်းမာသော ဆက်ဆံရေးများကို ပို၍ဖြစ်ပွားစေလိမ့်မည်ဟုလည်း သုံးသပ်ကြသည်။

ကနေဒါနိုင်ငံအနောက်ပိုင်းတွင် လူသိများထင်ရှားသည့် ဆစ်ခ်ခေါင်းဆောင် နီဂျာ(Niijar) မှာ ဗြိတိသျှ ကိုလံဘီယာပြည်နယ်၊ ဆာရေးမြို့ရှိ ဆစ်ခ်ဘုရားရှိခိုးကျောင်းတစ်ခု အပြင်ဘက်တွင် ဇွန်လအတွင်းက မျက်နှာဖုံးစွပ်သေနတ်သမားနှစ်ဦး၏ လုပ်ကြံမှုကြောင့် ၎င်း၏ ထရပ်ကားအတွင်းသေဆုံးခဲ့ရခြင်းဖြစ်သည်။ ၎င်းအားလုပ်ကြံခံရမှုက ကနေဒါနိုင်ငံရှိ ဆစ်ခ်လူ့အဖွဲ့အစည်းအတွင်း ကြီးမားသောတုန်လှုပ်ချောက်ချားမှုကိုဖြစ်စေခဲ့သည်။ အိန္ဒိယနိုင်ငံအပြင်ဘက်၌ အကြီးမားဆုံးသော ဆစ်ခ်လူ့အဖွဲ့အစည်းက ကနေဒါနိုင်ငံတွင်ဖြစ်ပြီး ဆစ်လူမျိုး ၇၇၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရကမူ ထရူးဒေါ၏စွပ်စွဲချက်များ မမှန်ကန်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ငြင်းဆန်ခဲ့ပြီး အဓိပ္ပါယ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်းနှင့် သွေးထိုးလှုံ့ဆော်ပေးမှုသက်သက်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ကြောင်း တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိကြောင်း” ကြေညာချက်ထုတ်ပြန်ခဲ့သည်။ထို့ပြင် “ဤကဲ့သို့သော စွပ်စွဲချက်များက သက်သေအထောက်အထားခိုင်လုံခြင်းမရှိဘဲ ကနေဒါနိုင်ငံအတွင်း ခိုလှုံနေကြသည့် ခါလီစတန်နီ အကြမ်းဖက်များနှင့်အစွန်းရောက်များကို အာရုံစိုက်လာကြစေရန်ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းက အိန္ဒိယနိုင်ငံ၏အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေစုစည်းမှုကိုခြိမ်းခြောက်မှု သာဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကနေဒါရဲတပ်ဖွဲ့က နီဂျာ လုပ်ကြံခံရမှုတွင် ဖမ်းဆီးထားသူတစ်စုံတစ်ဦးမှ မရှိသေးသော်လည်း ဩဂုတ်လကမူ သံသယဖြစ်ဖွယ်လူသုံးဦးကို စုံစမ်းထောက်လှမ်းလျက်ရှိကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ ကနေဒါနိုင်ငံအ တွင်းကြီးမားစွာအခြေချနေထိုင်ကြသော ဆစ်ခ်လူမျိုးတို့၏ အိန္ဒိယနိုင်ငံတွင် ၎င်းတို့အတွက် ကိုယ်ပိုင်နယ်မြေရရှိရေး လှုပ်ရှားမှုများက ကာလကြာမြင့်စွာကပင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည့်အကြောင်းတစ်ရပ်ဖြစ်ခဲ့ရာ ယခုကဲ့သို့ အိန္ဒိယသံတမန်နှင်ထုတ်ခံရမှုကြောင့် ပို၍ ဆိုးဝါးလာမည်ဟုယူဆရသည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *