October 18, 2024

၁၉. ၉. ၂၀၂၃
Written By Thandar

စုံတွဲသီချင်းခွေ၊ Underground ဂီတလမ်းကြောင်းပေါ်က တစ်ဆင့် သရုပ်ဆောင်လောကထဲကို ရောက်လာတဲ့ သရုပ်ဆောင် သိန်းလင်းစိုးရဲ့ တတိယမြောက် Don’t Abandon Me Album က တလွဲမာနတွေ ခေါင်းမာတာတွေလျှော့ပြီး ပရိသတ်ကြိုက်အောင် အကောင်းဆုံးသီချင်းတွေဖန်တီးထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က အနုပညာဖြစ်တဲ့ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တချို့ ရိုက်ရင်းက ဂီတဘက်ကို မလှည့်နိုင်ခဲ့ဘူး ဖြစ်ခဲ့တယ်။ ၆ နှစ်ကျော်လောက် သီချင်းနဲ့ အလှမ်းဝေးသွားလို့ ခုမှပြန်လုပ်ဖြစ်တာပါ။ သီချင်းတွေ လုပ်ချင်ပေမယ့် ဒီကြားထဲစိတ်ပိုင်းဆိုင်ရာ အဆင့်သင့်မဖြစ်သေးလို့ စိတ်လည်း အဆင်ပြေလာပြီမို့ ခွေလေး ပြန်လုပ်ဖြစ်တာပါ။ ကျွန်တော့် သီချင်း ၅ ပုဒ်လုံးက ပရိသတ်တွေ ကြိုက်မယ့်ဟာတွေပဲ ရေးထားတယ်။ အရင်ကလို အငှားခံစားချက်ဆိုတာထက် ကိုယ်တိုင်ခံစားချက်အစစ်အမှန်ပါတဲ့ အကြောင်းအရာတွေ ရေးထားပါတယ်။ အရင် ၂ ခွေ လုပ်ခဲ့တုန်းက အဲဒီအချိန်အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်။ ခုချိန်ပြန်နားထောင်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် အားအရဆုံးကတော့ တတိယမြောက်ခွေကိုပေါ့။ သီချင်းတွေကို ပိုပြီး ပရိသတ်နဲ့ ရင်ဘတ်ချင်းထိမယ်လို့ ထင်တယ်။ လတ်တလောအချိန်မှာ အချိန်အကြာကြီးယူပြီး ပြန်လုပ်ထားတဲ့ခွေမို့တော်တော်လေး အားရပါတယ်”လို့ အဆိုတော် သရုပ်ဆောင် သိန်းလင်းစိုးက ပြောပါတယ်။

ဒီသီချင်းခွေမှာ ကိုယ်တိုင်ရေး တေးသီချင်း ၅ ပုဒ်ပါဝင်သလို လက်ရှိ ဖြစ်ပေါ်နေတဲ့ Music ခေတ်ရေစီးကြောင်းနဲ့ အညီလိုက်ပြီး ဂီတကို ဖန်တီးရတယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာသက်တမ်း နှစ် ၂၀ ရှိပေမယ့် အနုပညာလမ်းကြောင်းပေါ်က အခက်အခဲတွေကို မိသားစုတွေကို ရင်ဖွင့်လေ့မရှိဘဲ တစ်ယောက်ထဲ ကြိတ်ခံစားတတ်သူလို့ လည်းဆိုပါတယ်။ သိန်းလင်းစိုးကတော့ တစ်ကိုယ်တော် အနေနဲ့ T- Virus သီချင်းခွေနဲ့ Vitamin – T သီချင်းခွေကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

“အရင်ခွေတုန်းကလို ကိုယ်စိတ်ကြိုက်လုပ်တယ် ပရိသတ်အကြိုက်မဖြစ်ရင် ပြီးရောဆိုပြီး ခေါင်းမာပြီး လုပ်ခဲ့တာတွေ မရှိဘူး။ ဒီခွေမှာ ကိုသိန်းကို အားပေးနေတဲ့ လူနည်းစုပရိသတ်အတွက် ပြန်ကြည့်ရမယ့်အချိန် ရောက်လာပြီလေ။ ကိုသိန်းက အရင် ကိုယ့်စိတ်ချမ်းသာမှုကို လိုက်ပြီး သီချင်းတွေဖန်တီးဖြစ်ခဲ့တယ်။ အသက် လည်း ကြီးလာပြီဆိုတော့ တလွဲမာနတွေ ခေါင်းမာတာတွေလျှော့ပြီး ပရိသတ်ကြိုက်အောင် အကောင်းဆုံးသီချင်းတွေ ကြိုးစားလုပ်ထားပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *