October 18, 2024

၁၉. ၉. ၂၀၂၃
Written by Min Mahar

ချောက်မြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးကို PDF ၂ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီး အခွန်လာဆောင်သည့် အမျိုးသားတစ်ဦးနှင့် ရုံးစာရေးမ တစ်ဦးတို့ ဗုံးစများထိမှန်ကာ ဒဏ်ရာရရှိသွားမှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့​​ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၁၈ ရက်(ယမန်နေ့) မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးရှေ့ကို ဆိုင်ကယ်တစ်စီးဖြင့် PDF ၂ ဦးရောက်လာပြီး ရုံးရှေ့ရှိ တမာပင်အနီးအား လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်းလက်ပစ်ဗုံးသည် ရုံးရှေ့အုတ်ခုံကိုထိမှန်ကာ အနီးရှိရပ်ထားသော မော်တော်ကားအောက်ဝင်ရောက်သွား၍ ပေါက်ကွဲခဲ့သောကြောင့် ကားအောက်ပိုင်းပျက်စီးသွားသည့်အပြင် ရုံးသို့ ရေခွန်လာဆောင်သော အမျိုးသားတစ်ဦး၏ လက်မောင်းကို ဗုံးစများထိမှန်(မစိုးရိမ်ရ)နှင့် ရုံးစာရေးမတစ်ဦး၏ တင်ပါးကိုလည်း ဗုံးစများထိမှန်(မစိုးရိမ်ရ)သွားကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ PDF များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦးအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ချောက်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုမှုခံယူနေရကြောင်း အမည်မဖော်လိုသော စည်ပင်ရုံးဝန်ထမ်းတစ်ဦးမှ MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *