October 19, 2024

၁၉. ၉. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် တွဲကားက စက်ဘီးစီးလာသူကို တိုက်မိသောကြောင့် စက်ဘီးစီးလာသူ သေဆုံးခဲ့ကြောင်း ဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သူ ရွှေပြည်သာ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်း ၈ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-19_13-21-32-768x1024.jpg

“ကျွန်တော်တို့ဆီကို သတင်းဝင်လာတာကတော့ တွဲကားတိုက်မှုဖြစ်လို့ ဆိုပြီးတော့ ဝင်လာတာပါ။ ကျွန်တော်တို့ သွားတဲ့ အချိန်မှာတော့ တွဲကားကို မတွေ့တော့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကားတိုက်ခံရသူ အမျိုးသားမှာ အသက် ၃၀ အရွယ်ခန့် ဖြစ်ပြီး ခြေထောက်နှင့်လက် ကျိုးသည့်အပြင် ခေါင်းလည်း ထိခိုက်ထားကြောင်း တွေ့မြင်ရပြီး ဆေးရုံသို့ ရောက်ရောက်ချင်း အချိန်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အသက်ကတော့ ရှိနေသေးတာပေါ့။ ဆေးရုံကို ရောက်လို့ ချပြီးပြီးချင်းမှာပဲ ဆုံးပါတယ်” ဟု ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *