October 19, 2024

၁၉. ၉. ၂၀၂၃
Written by Ye Kyaw

မြန်မာအမျိုးသားလေကြောင်း(MNA) မှ ရန်ကုန်မြို့ကိုအခြေပြု၍ တရုတ်နိုင်ငံအတွင်းရှိမြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cargo) လေကြောင်းခရီးစဉ်များ ကူးသန်းပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် မြန်မာအမျိုးသားလေကြောင်း ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် Boeing 737-400 လေယာဉ်အမှတ် 9M-POS (Flight No. 3G087) Cargo လေယာဉ်အား မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ စတင်သယ်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါလေယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပိုဆောင်သည့်ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်သွားမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-19_12-29-45-1024x548.jpg

“ပြည်ပဆိုရင် Agent တွေနဲ့ပဲ ချိတ်လို့ရမှာ။ ကျွန်တော်တို့က ပစ္စည်းကိုလက်ခံမယ်။ သူတို့ဆီက လမ်းကြောင်းတွေယူမယ်။ လေယာဉ်ပေါ်တင်မယ်။ အဲဒီလိုပေါ့။ ဟိုနေ့က ရောက်လာတာကတော့ ကုန်စည်ပြေးဆွဲဖို့အတွက် Cargo Flight အသစ်ကြီး ကျွန်တော်တို့ငှားထားတာ။ လောလောဆယ် ခန့်မှန်းခြေကတော့ တစ်ပတ်ကို နှစ်ခေါက်သုံးခေါက်လောက်တော့ ပြေးဆွဲဖို့ရှိတယ်။ အတိအကျတော့ သေချာမသိသေးဘူး။ အခုမှစဆွဲတာဆိုတော့။ ကုန်စည်ပို့ဆောင်ဖို့အတွက်ကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာဆိုရင် Terminal 3 အဲဒီအနားမှာ MCS (မင်္ဂလာဒုံလေကြောင်းကုန်စည်ဝန်ဆောင်မှု) မှာ စုံစမ်းလို့ရတယ်” ဟု MNA ၏ လေကြောင်းကုန်စည်ပို့ဆောင်ရေး (Cargo) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ရှိလာသည့် Cargo လေယာဉ်အသစ်သည် ကုန်ပစ္စည်းတန်ချိန် ၁၈ တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင်သယ်ဆောင်၍မရသော Dangerous Goods (အန္တရာယ်ရှိသောကုန်ပစ္စည်း)များလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်ကာလကို ရောက်ရှိပြီဖြစ်သဖြင့် မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် ကုန်စည်ပို့ဆောင်ရေး (Cargo) ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနား၌ တိုက်တွန်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *